သရုပ်ဆောင်စည်ဖြိုးတို့ မိသားစုဟာ ဒီနေ့မနက်မှာပဲ အကြားအမြင်ဆရာမကြီး E.T ရဲ့ မွေးနေ့ပွဲကို မန္တလေးပရိယတ္တိ စာသင် တိုက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။လှူဒါန်းငွေ စုစုပေါင်းကလည်း သိန်း ၇၀၀၀ ကျော်နေပြီလို့ ဆိုပါတယ်။ အဲ့ဒီနောက်အနုပညာ အလုပ်တွေ လုပ်နေရတဲ့ စည်ဖြိုးက ရုပ်ရှင်ဇာတ်ကားကြီး ၉ ကားရိုက်ကူးထားပြီး ရုံတင်ဖို့ တန်းစီနေတယ်လို့ ပြောပါတယ်။
သရုပ်ဆောင် စည်ဖြိုးရဲ့ အဒေါ်ဖြစ်သူ အကြားအမြင်ဆရာမကြီး E.T (ခ) ဒေါ်ဆွေဆွေဝင်းရဲ့ အသက် ၅၀ နှစ်ပြည့်မွေးနေ့ပွဲကို ဇူလိုင်လ ၅ ရက်နေ့မနက်ပိုင်းက မန္တလေး ပရိယတ္တိစာသင်တိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလှူလုပ်ဖြစ်တာကလည်း အကြားအမြင်ဆရာမကြီး E.T ဆုံးပါးသွားကတည်းက လုပ်ဖြစ်ခဲ့တာလို့ စည်ဖြိုးက Duwun Media ကနေပြောပြခဲ့ပါတယ်။
'' မဆွေ ဆုံးသွားပြီးကတည်းက လစဉ်ဒီလိုပဲ အလှူတွေလုပ်ဖြစ်တယ်။ ဘုန်းကြီးကျောင်းတွေကို အဓိက ထားတယ်ပေါ့။ ကျောင်းမရှိတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် ကျောင်းသွားလှူတယ်။ သိမ်မရှိတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် သိမ်လှူတယ်။ ကုလီမရှိတဲ့ ဘုန်းကြီးကျောင်း ဆိုရင် ကုလီပေါ့၊ ဒီနေ့ လှူဖြစ်တဲ့ကျောင်းမှာတော့ မယ်သီလရှင်ကျောင်းဆောင်မရှိလို့ ကျောင်းဆောင်လှူဖြစ်တယ်ပေါ့'' လို့ ဆိုပါတယ်။
အဒေါ်ဖြစ်သူ ဆုံးပါးသွားပြီးကတည်းက လှူဖြစ်ခဲ့တဲ့ အလှူအကြောင်းတွေကို စည်ဖြိုးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မှတ်တမ်းတင်ဖြစ်တယ် လို့ဆိုပါတယ်။ လှူဒါန်းဖြစ်ခဲ့တဲ့ အလှူငွေ စုစုပေါင်းကလည်း သိန်း ၇၀၀၀ ကျော်နေပြီဖြစ်ကြောင်း၊ အကြားအမြင်ဆရာမကြီး E.T မတည်ခဲ့တဲ့ ပုသိမ်မြို့က မျက်စိဆေးရုံကလည်း ပုံမှန်လည်ပတ်လျှက်ရှိတယ်လို့ သူကဆိုပါတယ်။
'' လစဉ် လှူဖြစ်တဲ့အကြောင်းကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာလည်း ကျွန်တော်တင်ပါတယ်။ မဆွေ ဆုံးပါးသွားပြီးကတည်းက အခုချိန်ထိပေါ့ လစဉ်လှူခဲ့တာ ဒီနေ့ လှူတဲ့ ကျောင်းဆောင်ဖိုး မပါ သိန်း ၇၀၀၀ ကျော်နေပါပြီ။ နောက်လည်း ဒီလိုပဲ လှူဖြစ်သွားမှာပါ။ မဆွေ မတည်ခဲ့တဲ့ ပုသိမ်က မျက်စိဆေးရုံကလည်း ၃ လတစ်ကြိမ် မျက်စိတွေ ခွဲပေးနေဦးမှာပါ'' လို့ စည်ဖြိုးကပြောပါတယ်။
စည်ဖြိုးဟာ ရုပ်ရှုင်ဇာတ်ကားကြီး ၉ ကားရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ရုံတင်ပြသနိုင်ဖို့အတွက် လည်းတန်းစီစောင့်နေတယ်လို့ ပြောပါ တယ်။ သူ့ဟာ ရုပ်ရှင်ဇာတ်ကားတွေကို အရေအတွက်များများ ရိုက်ကူးရဖို့ထက် အရည်အသွေး ကောင်းတဲ့ ဇာတ်ကားတွေဖြစ်ဖို့ အချိန်ပေး နေရတယ်လို့ ဇူလိုင်လ ၇ ရက်နေ့မနက်က ဆရာမE.T ရဲ့ မွေးနေ့ပွဲမှာ Duwun Media ကိုဖြေဆိုခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင် စည်ဖြိုးကိုတော့ တီဗီကြော်ငြာ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိလာခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေတာဖြစ်ပါတယ်။ သူ နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာသားညီရိုက်တဲ့ သန်းခေါင်ယံမိတ်ဆုံစားပွဲ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။