ကိုယ့်ဘဝထဲကိုဝင်ရောက်လာမယ့် ကလေးလေးကိုစောင့်စားနေခဲ့ရတဲ့ နေ့ရက်များအခုကုန်ဆုံးသွားပါပြီနော်။ကလေးလေးကိုယ့်ဘဝထဲဝင်ရောက်လာပြီ ။ ဘာတွေအကောင်းဆုံးလုပ်ဆောင်ပေးကြမလဲ ။ ဘယ်တာဝန်တွေထပ်ယူရမလဲ ဆိုတာဖခင်အသစ်တွေတိုင်းတွေးထားကြမှာပါ ။ ဒါပေမယ့် လက်တွေ့နဲ့ စိတ်ကူး ဘယ်လိုမှမတူနိုင်ဘူးဆိုတာ ကလေးလေးကသက်သေပြပါလိမ့်မယ် ။ ကဲ ကလေးလေးနဲ့အတူ ဖခင်ဘဝအသစ် အနိမ့်အမြင့်တွေကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာ ဖော်ပြပေးပါ့မယ်နော် ။
ကလေးလေးမွေးဖွားလာတဲ့အခါ အရင်ဆုံးအိပ်ရေးတွေပျက်တဲ့ညပေါင်းများစွာကို ခံစားရမယ် ။ ဇနီးသည်နဲ့လဲ အရင်လို တူနှစ်ကိုယ်စကားတွေတွတ်ထိုးပြီးမနေနိုင်တော့ဘူး ။သူငယ်ချင်းတွေနဲ့ညဘက်အပြင်ထွက်ပြီးသောက်စားဖို့ဆိုတာဝေးလာဝေးဖြစ်သွားမှာပါ။
ဒါတွေအားလုံးကလည်းအမြဲတမ်းဖြစ်နေမှာတော့ မဟုတ်ပါဘူးနော်။ အချိန်ကာလတခုကိုဖြတ်ကျော်ပြီးရင် ဘဝကပြန်လည်ပြီးအချိန်တွေကညီမျှသွားမှာပါ ။ဒါပေမယ့် အဲ့အချိန်ကာလတခုမှာဘာတွေရင်ဆိုင်ရမလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ် ။
အိပ်ရေးပျက်တာတွေ
မွေးကင်းစကလေးလေးတစ်ယောက်က ဘယ်အရာနဲ့မှမတူတဲ့ အိပ်ရေးပျက်တဲ့ညပေါင်းများစွာ အရင်ဆုံးပေးပါမယ် ။ ညလယ်ခေါင်ကြီးတကယ်အိပ်ကောင်းနေတဲ့အချိန်မှာ သူထအော်ပြီးငိုချင်ငိုမှာပဲ ။သူညအချိန်အီးအီးပါချင်လဲပါမယ် ။ နို့ဆာရင်လည်းဆာမယ် ။ ဒါတွေအတွက် ကိုယ်ကကလေးအနား အမြဲအသင့်ရှိနေရပါမယ် ။ ဇနီးသည်က ကလေးမွေးထားရတဲ့သူဆိုတော့ နို့တိုက်တာတွေကို လုပ်ပေမယ့်လည်း ဖခင်ကလည်းဘေးနားကနေ ကလေးလိုအပ်တာတွေကို ပြုလုပ်ပေးရမှာပါ ။အဲ့ဒီညတွေကိုတော့ ညတာအရှည်ဆုံးလို့တောင်ထင်ရပါတယ် ။
သေးခံလဲပေးရတာတွေ
ပြောရမယ်ဆိုဒိုက်ပါတွေကိုလဲလှယ်ပေးခြင်းပေါ့နော် ။။ ကလေးလေး သေးပေါက်တာ... အီးအီးပါတာတွေကို ကလေးအမေအစား အဖေကလည်းပြုလုပ်ပေးနိုင်တယ် ။ အဖေတွေက ကလေးလေးတွေကို မွေးလဲမမွေးရဘူ း ၊ နို့လဲမတိုက်ရဘူးဆိုတော့ ကလေးနဲ့ပတ်သက်တဲ့
တခြားအလုပ်တွေကို ကူညီလုပ်ဆောင်ပေးဖို့လိုတာပေါ့နော် ။ အီးအီးကုန်းတာတွေလည်း အဖေတွေကမြန်မြန်ဆန်ဆန်ပိုလုပ်တတ်တယ်လို့ထင်ပါသေးတယ် ။ အနံ့တွေကိုပါ ခံနိုင်ရည်ရှိဖို့ကြိုးစားရပါမယ် ။
အရာရာတိုင်းကိုကူညီပေးဖို့အသင့်ရှိနေရမယ်
ပထမဆုံးအကြိမ်မွေးတဲ့အခါတိုင်း ဒီလိုပဲအမြဲခံစားရမှာပါပဲ ။ ကလေးမွေးဖွားထားတဲ့ ဇနီးသည်ကိုလိုတာထက်ပိုပြီးအနားယူစေဖို့လိုအပ်ပါတယ် ။ ဒါကြောင့် အိမ်သန့်ရှင်းရေးလုပ်တာ ၊ ဟင်းချက်တာ ၊အဝတ်အစားတွေလျှော်ဖွတ်တာ ဒါတွေလိုအပ်ရင် ကိုယ့်ဇနီးသည်အတွက် ဖခင်ကကူပြီးလုပ်ကိုင်ပေးဖို့လိုအပ်ပါတယ် ။ ဒီအချိန်မှာ သူငယ်ချင်းတွေနဲ့အပြင်သွားချင်စိတ်ဖြစ်ပေါ်လာရင်လဲ မေ့ထားဖို့လိုပါတယ် ။တစ်ခြားကလေးမရှိသေးတဲ့သူငယ်ချင်းတွေကိုလဲ အားကျမိကောင်းအားကျမိနေပါလိမ့်မယ် ။ ဒါပေမယ့် ကလေးလေးနဲ့ပတ်သက်ပြီးပင်ပန်းရတာ ၊ ကလေးလေးအလုပ်တွေကူလုပ်ပေးရတာဟာ အချိန်ခဏတာလေးပါပဲနော် ။ ဒါဟာပထမအစလေးပဲ စိတ်ပင်ပန်းရတယ်လို့ ခံစားရစေတာပါ ။နောက်ပိုင်းဆိုရင်တော့ ကလေးဖြစ်တတ်တာလေးတွေကိုနားလည်သဘောပေါက်ပြီး ကလေးလေးနဲ့အတူပျေုာ်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်နိုင်စေမှာပါ ။