ကျန်ရှိနေသူတွေကို ဇူလိုင် ၉ ရက်မှာ ဂူထဲကနေ ဆက်လက်ကယ်ထုတ်သွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်ရှိ Tham Luang ဂူထဲမှာ ပိတ်မိပျောက်ဆုံးနေခဲ့တဲ့ လူငယ်အုပ်စုကို ဇူလိုင် ၂ ရက် ညပိုင်းမှာ ပြန်ရှာတွေ့ခဲ့ပြီးနောက် ယနေ့ (ဇူလိုင် ၈ ရက်) ဒေသစံတော်ချိန် မနက်ပိုင်းမှစပြီး ဂူအပြင်သို့ ခေါ်ထုတ်ကယ်ဆယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါတယ်။

ဂူထဲမှာ ပိတ်မိခဲ့ကြသည့် ထိုင်းလူငယ်အုပ်စု (Photo: Ekkaphol Chantawong)



ယနေ့ညပိုင်းအချိန် ကယ်ဆယ်ရေးလုပ်ငန်း ခေတ္တရပ်ဆိုင်းချိန်အထိ စုစုပေါင်း ယောက်ျားလေး ၄ ဦးကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ လူငယ်အုပ်စုအား ဂူအပြင်သို့ ပြန်လည်ခေါ်ထုတ်မှု ပထမအဆင့်ဟာ အဆင်ပြေ ချောမွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဦးဆောင်သူက ပြောပါတယ်။

Tham Luang ဂူအနီး တွေ့ရသည့် အရေးပေါ် လူနာတင်ယာဉ်တစ်စီး (Photo: AFP)



ယောက်ျားလေး ၄ ဦးကို ဂူအပြင်သို့ ခေါ်ထုတ်ကယ်ဆယ်ခဲ့ပြီးနောက် ဂူအတွင်း အောက်စီဂျင် လျော့နည်းလာမှုကြောင့် ယခုအခါ ကယ်ဆယ်ရေးဆောင်ရွက်မှုကို အနည်းဆုံး ၁၀ နာရီကြာ ရပ်ဆိုင်းထားကြောင်း သိရပါတယ်။

ကယ်ဆယ်ရေးသမားတွေက ဂူအတွင်း ရေများ ပိုမိုဝင်ရောက်လာနိုင်မှုကို စိုးရိမ်တာကြောင့် အန္တရာယ်ရှိပေမဲ့လည်း ရေငုပ်ကယ်ထုတ်မှု နည်းလမ်းဖြင့် လူငယ်အုပ်စုကို ဂူအပြင်သို့ ယနေ့ ပြန်လည်ခေါ်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂူထဲမှာ တွေ့ရသည့် ထိုင်းလူငယ်အုပ်စု (Photo: Thai Navy Seal)



ယနေ့ညပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းထားခဲ့ပြီးနောက် မနက်ဖြန် (ဇူလိုင် ၉ ရက်) မှာ ပြန်လည် စတင်မယ်လို့ သိရပါတယ်။ ရေငုပ်သမားတွေက ယောက်ျားလေးတွေဦးကို ရေလွှမ်းမိုးနေပြီး မြင်နိုင်စွမ်းမရှိတဲ့ ဂူလမ်းကြောင်းတစ်လျှောက် လမ်းပြခေါ်ဆောင်လာခဲ့ပါတယ်။

ယောက်ျားလေးများကို ဂူထဲမှ ပြန်ခေါ်ထုတ်မှု သရုပ်ဖော်ပုံ (Graphic: CNA)



ဂူပေါက်ဝနေရာအရောက်မှာတော့ ယောက်ျားလေးတွေက ဂူအပြင်ဘက်ကို လမ်းလျှောက်ထွက်လာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ Tham Laung ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်အုပ်စုကို ကယ်ဆယ်ရေးလုပ်ငန်း ပထမအဆင့်ဟာ အာဏာပိုင်တွေ ခန့်မှန်းထားတာထက် ပိုပြီးမြန်ဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ဂူထဲမှာ ကျန်ရှိနေသေးတဲ့ ယောက်ျားလေး ၈ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ကို မနက်ဖြန် (ဇူလိုင် ၉ ရက်) မှာ ဆက်လက် ကယ်ထုတ်သွားမှာဖြစ်ပါတယ်။

ကယ်ထုတ်လာပြီးနောက် အရေးပေါ်ကားဖြင့် သယ်ဆောင်ရန် ပြင်ဆင်နေစဉ် (Photo: CNA)



အသက် ၁၁ မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ အဆိုပါ ဂူအတွင်းကို ဇွန်လ ၂၃ ရက်မှာ ဝင်ရောက်သွားခဲ့ပြီးနောက် ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်ထွက်မလာနိုင်ဘဲ ပိတ်မိပျောက်ဆုံးနေခဲ့ပါတယ်။

လူငယ်အုပ်စုဟာ Tham Luang ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။

ရေငုပ်သမားများ ရောက်ရှိလာစဉ် (Photo: Pongmanat Tasiri/EPA)



ဇူလိုင် ၂၈ ရက် ကယ်ဆယ်ရေးလုပ်ငန်း

- ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဂူထဲမှ လူငယ်တွေကို ပြန်လည်ခေါ်ထုတ် ကယ်ဆယ်ရေးလုပ်ငန်း စတင်ခဲ့။

- ပထမဆုံး ယောက်ျားလေးက ဂူအပြင်ကို ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်မှာ ပြန်လည်ရောက်ရှိ။

- စုစုပေါင်း ယောက်ျားလေး ၄ ဦးကို ဂူအပြင်သို့ ပြန်ခေါ်ထုတ်ခဲ့ပြီး ချင်းရိုင်းရှိ ဆေးရုံသို့ပို့ဆောင်ခဲ့။

- ယောက်ျားလေးတွေကို နိုင်ငံခြားမှ ရေငုပ်သမား ၁၃ ဦးနဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် ငါးဦးတို့က ခြံရံစောင့်ရှောက် ခေါ်ဆောင်လာခဲ့။

- ဒေသစံတော်ချိန် ည ၉ နာရီမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့။

- ယောက်ျားလေး ၈ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ကို ဂူထဲမှ ခေါ်ထုတ်ကယ်ဆယ်ရန် ကျန်ရှိ

 

Share

Loading Next Article...
က္က