အပူချိန်များ လျော့ကျသွားမယ့်လက္ခဏာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ အပူလှိုင်းဖြတ်သန်းမှုကြောင့် မကြုံစဖူး အပူချိန်များ မြင့်တက်နေမှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အပူချိန်မြင့်တက်မှုကြောင့် လူ ၈၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အပူချိန်များ မြင့်တက်နေမှုကို သဘာဝဘေးအန္တရာယ် ကျရောက်မှုအဖြစ် ဂျပန်မိုးလေဝသဌာနက ယနေ့ (ဇူလိုင် ၂၄ ရက်) ကြေညာလိုက်ကြောင်း သိရပါတယ်။

Photo: Getty Images





ဂျပန်ဒေသအချို့မှာ အပူချိန်ဟာ မကြုံစဖူး မြင့်တက်နေကြောင်း မိုးလေဝသဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က သတိပေး ပြောကြားခဲ့ပါတယ်။ အပူဒဏ်ကြောင့် လူဦးရေ ၂၂,၀၀၀ ကျော်ကို ဆေးရုံတင်ခဲ့ရပြီး ထက်ဝက်နီးပါးဟာ သက်ကြီးရွယ်များ ဖြစ်ကြတယ်လို့ အရေးပေါ်ဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

အပူလှိုင်းကျရောက်ပြီး အပူချိန်များ လျော့ကျသွားမယ့် လက္ခဏာမတွေ့ရသေးကြောင်းလည်း မိုးလေဝသ ခန့်မှန်းသူတွေက ဆိုပါတယ်။

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) က ကူမာဂါယာမြို့ (Kumagaya) မှာ အပူချိန် ၄၁.၁ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး ဂျပန်နိုင်ငံမှာ အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

Photo: Getty Images



တိုကျိုအလယ်ပိုင်းမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံ မိုးလေဝသဌာနက အပူချိန်တွေဟာ သြဂုတ်လအစောပိုင်းအထိ ၃၅ ဒီဂရီဆဲလ်စီးယပ်နဲ့ အထက်ကို ဆက်လက် မြင့်တက်နေမယ်လို့ သတိပေးခဲ့ပါတယ်။

"နေရာဒေသအချို့မှာ အပူချိန်က မကြုံစဖူး မြင့်တက်နေတာ တွေ့ရပါတယ်၊ အပူလှိုင်းက အသက်အန္တရာယ်ရှိနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ပြီး ဒါကို သဘာဝဘေးအန္တရာယ် ကျရောက်မှုအဖြစ် ကျွန်တော်တို့ သတ်မှတ်ပါတယ်" လို့ ဂျပန်မိုးလေဝသဌာနမှ ပြောခွင့်ရအမျိုးသား မိုတိုအကီ တာကီကာဝါက ပြောခဲ့ပါတယ်။

Photo: Reuters



ဂျပန်နိုင်ငံရှိ အစိုးရကျောင်းတွေအနက် ထက်ဝက်မရှိတဲ့ အရေအတွက်မှာသာ လေအေးပေးစနစ် တပ်ဆင်ထားကြောင်း အပူချိန်များ မြင့်တက်နေမှုကြောင့် ကျောင်းသူကျောင်းသားများ အန္တရာယ်မရှိစေရန် နွေရာသီကျောင်းပိတ်ရက်များ ထပ်မံတိုးချဲ့သွားနိုင်တယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီဆူဂါက ဆိုပါတယ်။

"တစ်နိုင်ငံလုံးမှာ စံချိန်တင် အပူလှိုင်းကျရောက်နေတာကြောင့် ကျောင်းသူကျောင်းသား ကလေးငယ်တွေ အန္တရာယ်မဖြစ်စေအောင် ကာကွယ်ဖို့အတွက် အရေးတကြီး စီစဉ်ဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်" လို့ ၎င်းက ယနေ့ (ဇူလိုင် ၂၄ ရက်) ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo: AFP/Martin Bureau



အပူချိန်များ မြင့်တက်နေမှုကြောင့် ပြည်သူများအနေနဲ့ ရေများများသောက်ရန်၊ လေအေပေးစက်သုံးကြရန်နဲ့ မကြာခဏ အနားယူနေကြရန် အစိုးရက တိုက်တွန်းထားပါတယ်။

ဂျပန်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့တဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ရပ်အပြီး အပူလှိုင်းကျရောက်မှု ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

အပူချိန်မြင့်တက်မှု ကြုံတွေ့နေရသည့် ကမ္ဘာ့နေရာဒေသများ

- ဥရောပ နေရာဒေသ အများအပြားမှာ အပူချိန်များ ဆက်လက်မြင့်တက်နေပြီး ဂရိနိုင်ငံမှာ တောမီးလောင်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဂရိတောမီးကြောင့် ဇူလိုင် ၂၄ ရက်အထိ စာရင်းတွေအရ သေဆုံးသူအရေအတွက် ၇၄ ဦးထက်မနည်းရှိပြီ ဖြစ်ပါတယ်။

- ဆွီဒင်နိုင်ငံမှာလည်း အပူချိန်မြင့်တက်ရာမှ တောမီးများလောင်မှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လူဦးရေး ဒါဇင်အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။ အပူချိန်မြင့်တက်မှုနဲ့ ခြောက်သွေ့မှုတွေကြောင့် ဆွီဒင်နိုင်ငံတစ်ဝှမ်း တောမီးလောင်မှုတွေဟာ မြောက်ဘက်စွန်း အာတိတ်စက်ဝိုင်းဒေသအထိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။

- နော်ဝေနိုင်ငံမှာလည်း ပြီးခဲ့တဲ့ မေလအတွင်း အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ပြီး တောမီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဂရိမှာ တောမီးလောင်နေမှု မြင်ကွင်း (Photo: AFP)



- ဗြိတိန်နိုင်ငံ နေရာဒေသတွေမှာလည်း အပူလှိုင်းကျရောက်ကာ အပူချိန်များ မြင့်တက်နေမှုကြောင့် အင်္ဂလန် အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အပူဒဏ်နဲ့ဆက်နွယ်တဲ့ ကျန်းမာရေးစောင့်ကြည့်မှု သတိပေးချက် ထုတ်ပြန်ထားပါတယ်။

- ကနေဒါနိုင်ငံ အရှေ့ပိုင်းတစ်လျှောက်ရှိ မြို့တွေမှာလည်း ဇူလိုင်လ အစောပိုင်းမှစပြီး အပူလှိုင်းကျရောက်မှု ကြုံတွေ့နေရပြီး Quebec ဒေသ တစ်ခုတည်းမှာပင် အပူဒဏ်ကြောင့် လူ ၇၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

- အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ အပူလှိုင်းကြောင့် လော့စ်အိန်ဂျိလစ် အပြင်ဘက်ရှိ Chino မြို့မှာ အပူချိန် ၄၈.၉ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့မှု အပါအဝင် အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

- အယ်လ်ဂျီးရီးယားနိုင်ငံမှာ Ouargla မြို့မှာ ဇူလိုင် ၅ ရက်နေ့ အပူချိန်ဟာ ၅၁.၃ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ရောက်ရှိခဲ့ပြီး အာဖရိကရဲ့ အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က