အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်ကြီးလှုပ်ခတ်မှုနဲ့ ဆူနာမီရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၈၃၂ ဦးအထိ မြင့်တက်လာကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ယနေ့ (စက်တင်ဘာ ၃၀ ရက်) သတင်းထုတ်ပြန်ပါတယ်။
Photo: Reuters
သေဆုံးမှုအများစုဟာ ငလျင်လှုပ်ပြီးနောက် ဆူနာမီရေလှိုင်း ၅ ပေမှ ၆ ပေခွဲအမြင့်အထိ တက်ရောက်ရိုက်ခတ်ခဲ့တဲ့ ဆူလာဝေစီကျွန်းပေါ်ရှိ လူဦးရေ ၃၅၀,၀၀၀ နေထိုင်ကြရာ ပါလူမြို့မှာဖြစ်ကြောင်း သိရပါတယ်။ ထို့အတူ ပါလူမြို့မြောက်ပိုင်းရှိ ဒေါင်ဂါလာမြို့မှာလည်း ငလျင်နဲ့ဆူနာမီကြောင့် လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။အစောပိုင်းက ငလျင်နဲ့ဆူနာမီရေလှိုင်းကြောင့် လူ ၄၀၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူ ၅၀၀ ကျော်ကို ဆေးရုံတွေမှာ ကုသပေးနိုင်ရန် ရုန်းကန်ကြိုးပမ်းနေရတယ်လို့ သတင်းထုတ်ပြန်ထားခဲ့ရာမှ ယခုအခါ သေဆုံးသူဦးရေဟာ နှစ်ဆကျော် တိုးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။

Photo: Bnpb
သောကြာနေ့ (စက်တင်ဘာ ၂၈ ရက်) က လှုပ်ခတ်ခဲ့တဲ့ ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ ငလျင်ဗဟိုချက်နဲ့ အနီးဆုံးမှာတည်ရှိပြီး ဆူနာမီရေလှိုင်းတွေ တက်ရောက်ခဲ့တဲ့ ပါလူမြို့ရှိ ပြိုကျခဲ့တဲ့ ဟိုတယ်တစ်လုံးရဲ့ အပျက်အစီးများအောက်မှာ လူပေါင်းဒါဇင်နဲ့ချီ ပိတ်မိနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ငလျင်လှုပ်ပြီး ဆူနာမီရေလှိုင်းတွေ တက်ရောက်ခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ပါလူမြို့ကမ်းခြေမှာ ပွဲတော်တစ်ခုကျင်းပခဲ့ပြီး ထိုပွဲတော်ကိုတက်ရောက်လာခဲ့တဲ့ လူပေါင်းရာနဲ့ချီရှိနေစဉ် ဆူနာမီရေလှိုင်း ရိုက်ခတ်မှုခံခဲ့ရတာလည်း ဖြစ်ပါတယ်။
Photo: EPA
ငလျင်နဲ့ဆူနာမီကြောင့် ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့တဲ့ ပါလူမြို့မှာ လူဦးရေ ၁၀,၀၀၀ ခန့် ယာယီခိုလှုံရေးစခန်း ၅၀ မှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။"အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေဖို့အတွက် စက်ယန္တရားကြီးတွေ ယူဆောင်ဖို့အတွက်က ပါလူမြို့ကိုဆက်သွယ်ထားတဲ့ လမ်းတွေပျက်စီးနေတာကြောင့် အခက်အခဲဖြစ်နေပါတယ်" လို့ တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။
Photo: Antara/Muhammad Adimaja
Photo: AP
၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။