ယနေ့ည(မြန်မာစံတော်ချိန် စနေနေ့နံနက် ၁ နာရီ ၃၀ မိနစ်)မှာ ၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ နောက်ဆုံးတွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ ၁၀ ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ၆ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ လက်စတာစီးတီးအသင်းဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ၅ ဂိုး ၃ ဂိုးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိပြီးနောက်ပိုင်း အနိုင်ရရှိခဲ့ခြင်းမရှိသေးပါဘူး။
ပွဲကြိုအချက်အလက်များ
- မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ အခြားအသင်းတွေအားလုံးထက် အဖွင့်ပွဲစဉ်ကို ပိုမိုအနိုင်ရရှိထားပါတယ်။
- ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ မန်ယူနဲ့လက်စတာတို့ နောက်ဆုံးတွေ့ဆုံခဲ့တာဟာ ၁၉၉၈ ခုနှစ်ကဖြစ်ပြီး မန်ယူအသင်းဟာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၂ ဂိုးပြန်လိုက်သွင်းပြီး သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အသင်းရဲ့ကြယ်ပွင့်ကစားသမားကို ထိန်းသိမ်းနိုင်ခဲ့တဲ့ လက်စတာစီးတီး
- အင်္ဂလိပ်ဘောလုံးသမိုင်းမှာ ထိပ်တန်းပြိုင်ပွဲတစ်ခုရဲ့ပွဲစဉ်တစ်ပွဲကို သောကြာနေ့မှာ ကန်တာဟာ ယနေ့ပွဲစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂ ကြိမ်စလုံးမှာ လက်စတာစီးတီးက ပါဝင်ပတ်သက်ခဲ့ပါတယ်။
- မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမား မာတာဟာ လက်စတာနဲ့တွေ့ဆုံခဲ့တဲ့ ၄ ပွဲမှာ ၄ ဂိုးအထိ သွင်းယူထားတဲ့ကစားသမားဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို လက်စတာ လာရောက်ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ၁ ဂိုးသွင်းယူခဲ့တာပါ။
- လက်စတာစီးတီးအသင်းဟာ အိုးထရက်ဖို့ဒ်ကို လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၈ ပွဲမှာ ၇ ပွဲရှုံးနိမ့်ခဲ့ပြီး ၁ ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ယင်း ၈ ပွဲပေါင်းကို လက်စတာစီးတီးအသင်းက ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိကကြယ်ပွင့်ကစားသမားအများစုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အနားယူပြီးနောက် ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဒဏ်ရာပြဿနာနဲ့ ကြံ့ခိုင်မှုမပြည့်ဝတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာ၊ လူကာကူ၊ ယန်း၊ လင်ဂတ်နဲ့ ဖယ်လိုင်နီတို့ကို ပွဲကစားဖို့ ကြံ့ခိုင်မှု ရှိ၊ မရှိ အကဲဖြတ်စစ်ဆေးသွားမယ်လို့ သိရပြီး ကြံ့ခိုင်မှုပြည့်ဝမှသာ လက်စတာနဲ့ပွဲစဉ်မှာ ထည့်သွင်းကစားသွားစေမှာဖြစ်ပါတယ်။
လက်စတာစီးတီးအသင်းဟာ အိုးထရက်ဖို့ဒ်ကို လာရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ကစားသမား ၆ ဦးအထိ ချန်လှပ်ခဲ့ရမယ်လို့ သိရပြီး မတ်တီဂျိမ်းစ်၊ မန်ဒီတို့ လွဲချော်မယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်မှာ ခေါ်ယူနိုင်ခဲ့တဲ့ ဖိလစ်ဘန်ကိုဗစ်ကို ပွဲထွက် ကစားစေမယ်လို့ သိရပြီး အသစ်ခေါ်ယူထားတဲ့ ရီကာဒိုပါရဲရား၊ ရာခစ်ဂက်ဇယ်တို့လည်း ပါဝင်ကစားဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။
ပေါလ်မာဆွန်ရဲ့ခန့်မှန်းချက်
ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ ကောင်းမွန်တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေ မဟုတ်ခဲ့တာက မန်ယူအသင်းအပေါ်မှာ ဖိအားဝင်စေခဲ့ပါတယ်။ ဒါက လက်စတာစီးတီးအတွက် ပြီးပြည့်စုံတဲ့အခွင့်အရေးဖြစ်လာခဲ့ပြီး သူတို့အနေနဲ့ တန်ပြန်တိုက်စစ်ကနေ အလစ်ချောင်းပြီး ဂိုးတွေသွင်းယူဖို့ ကြိုးပမ်းနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့ မာရက်ဇ်ကို သတိရနေကြတော့မှာပါ။ မော်ရင်ဟိုအနေနဲ့ အစပွဲစဉ်မှာ အနိုင်ရရှိမယ့်နည်းလမ်းကို ရှာဖွေနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
ခန့်မှန်းပွဲပြီးရလဒ် (မန်ချက်စတာယူနိုက်တက် ၂-၀ လက်စတာစီးတီး)
Share