• မန်ချက်စတာယူနိုက်တက် - လက်စတာ ပွဲစဉ်မှ ထူးခြားချက်များ

ထူးခြားချက် (၅)ခုကို ဖော်ပြပေးထားတာပါ။

ဒီကနေ့ နံနက်ပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲဖြစ်တဲ့ မန်ယူ နဲ့ လက်စတာတို့ရဲ့ ပွဲမှာတော့ မန်ယူအသင်းက လက်စတာအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ အဖွင့်ပွဲကို အနိုင်နဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ ပယ်နယ်တီသွင်းဂိုး၊ လုခ်ရှောရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းဂိုးတွေကို ဂျင်မီဗာဒီက ပြန်လည်ချေပခဲ့ပေမယ့် အချိန်နှောင်းခဲ့ပါတယ်။

 

ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲဖြစ်တာကြောင့် ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး ကြည့်ကောင်းခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်အပြီးမှာ ထူးခြားတဲ့ အဖြစ်အပျက်လေးတွေ ဖြစ်ပွားခဲ့တာတွေကို Duwun Sports ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။

 

၁။ ပေါ့ဂ်ဘာရဲ့ စည်းရုံးသိမ်းသွင်းခဲ့မှု

image
 

ပွဲချိန် (၃)မိနစ်မှာ အလက်ဆစ်ဆန်းချက်ဇ်ရဲ့ ဧရိယာအတွင်း ဂိုးကန်သွင်းချက်ဟာ လက်စတာနောက်ခံလူ ဝက်စ်မော်ဂန်ကို ထိမှန်ပြီး အဲဒီကမှတဆင့် နောက်ခံလူ ဒန်နီရယ်အမ်မာတေးရဲ့ လက်နဲ့ ထိသွားခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က အဆိုပါ အဖြစ်အပျက်မှာ မန်ယူအသင်းကို ပယ်နယ်တီပေးခဲ့ပြီး ဆန်းချက်ဇ်က ကိုယ်တိုင်ကန်သွင်းယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ယူအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ပေါ့ဂ်ဘာဟာ ဆန်းချက်ဇ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပယ်နယ်တီကို ပေါ့ဂ်ဘာက ကန်သွင်းယူခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

စနေနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

၂။ မော်ရင်ဟိုအတွက် ဂိုးပေါင်း (၅၀၀)

 

ပေါ့ဂ်ဘာရဲ့ ပယ်နယ်တီသွင်းဂိုးဟာ မော်ရင်ဟိုအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၅၀၀) ပြည့်မြောက်စေခဲ့တဲ့ သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ (၁၂၄)ဂိုးအထိ ရယူနိုင်ခဲ့ပြီ ဖြစ်ပြီး ၃၇၇ ဂိုးကတော့ အသင်းဟောင်း ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က ရယူနိုင်ခဲ့ပါတယ်။ ပွဲအစ (၃)မိနစ်မှာ ရရှိတဲ့ ပယ်နယ်တီသွင်းဂိုးကတော့ မော်ရင်ဟိုအတွက် အမှတ်တရ ဖြစ်လာစေခဲ့ပါတယ်။

 

၃။ အိုးထရက်ဖို့ဒ်ကွင်းထဲက ဂယ်ရီနဗီးလ်

 

မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ကတော့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Sky Sports ရဲ့ ပွဲခန့်မှန်းသုံးသပ်ချက်အဖွဲ့မှာ ပါဝင်လာခဲ့ပြီး ပရိသတ်တွေဟာ နဗီးလ်ကို လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။ ပထမပိုင်းအပြီးမှာ ကွင်းအတွင်း အစီအစဉ်တင်ဆက်နေခဲ့တဲ့ နဗီးလ်ဟာ ကွင်းအတွင်းမှာ ဖြန်းနေတဲ့ ရေပန်းကတဆင့် ရေတွေစိုနေခဲ့ပါတယ်။

 

၄။ ဆောက်ဂိတ်လည်း လာရောက်ကြည့်ရှု

 

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲကို လာရောက်ကြည့်ရှုခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နိုင်ငံတကာပွဲစဉ်တွေ ကစားရမှာ ဖြစ်တာကြောင့် ဆောက်ဂိတ်ဟာ အင်္ဂလန်ကစားသမားတွေရဲ့ ခြေစွမ်းကို လာရောက် အကဲခတ် နေခဲ့တာဖြစ်ပါတယ်။ ဆောက်ဂိတ်နဲ့အတူ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ကိုလည်း မြင်တွေ့ခဲ့ရပြီး လုခ်ရှောဂိုးသွင်းချိန်မှာတော့ ဆောက်ဂိတ်ဟာ ပျော်ရွှင်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

 

၅။ (၃)ရာသီဆက် အဖွင့်ပွဲတွေမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မြေခွေးများ

 

လက်စတာအသင်းကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့တာ (၃)နှစ်ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါပွဲတွေအားလုံးကို ရှုံးနိမ့်ခဲ့တာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်စတာအသင်းဟာ အာဆင်နယ်ကို ၄-၃ ဂိုး၊ ဟားလ်စီးတီးကို ၂-၁ဂိုး နဲ့ ဒီနေ့မနက်မှာတော့ မန်ယူအသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က