မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့ည အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ၃ ဂိုးပြတ်နဲ့ ရံှုံးနိမ့်ခဲ့ပါတယ်။ ယင်းပွဲစဉ်မတိုင်မီ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ကစားကွက်အသာစီးရယူထားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး လူကာကူ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့တဲ့အတွက် ဂိုးမသွင်းယူနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာ စပါးအသင်းက တိုက်စစ်ဆင်လာခဲ့ရာမှာ ခံစစ်ပိုင်းအမှားအယွင်းတွေနဲ့ ၃ ဂိုးအထိ ပေးခဲ့ရတာဖြစ်ပါတယ်။
ထုတ်ပြန်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ပဏာမ ၂၃ ဦးစာရင်းမှာ ကြယ်ပွင့်ကစားသမားအချို့ ချန်လှပ်ခံခဲ့ရ
ပွဲအပြီးမှာ နည်းပြမော်ရင်ဟိုဟာ စထရက်ဖို့ဒ်အန့်ဒ်ပွဲကြည့်စင်ဘက်ကို လျှောက်သွားခဲ့ပြီး ပွဲအပြီးအထိ အားပေးနေတဲ့ ပရိသတ်တွေကို နှစ်သိမ့်တဲ့အနေနဲ့ လက်ခုပ်တီးပေးခဲ့ပြီး စိတ်မကောင်းဖြစ်မိကြောင်း ပြသခဲ့ပါတယ်။ တော့တင်ဟမ်စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး လျှပ်တပြက်အင်တာဗျူးမှာ သတင်းထောက်က နည်းပြမော်ရင်ဟိုကို မန်ယူအသင်းအနေနဲ့ ခက်ခဲတဲ့အချိန်ကို ရင်ဆိုင်နေရပြီလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရှုံးပွဲတွေအပြင် မီဒီယာတွေရဲ့ အမျိုးမျိုးခေါင်းစဉ်တပ်ရေးသားနေမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ပုံကို မြင်တွေ့ခဲ့ရပြီး သတင်းထောက်ရဲ့မေးခွန်းကို ဖြေကြားရာမှာ မန်ချက်စတာယူနိုက်တက်အသင်းထက် မြန်မာနိုင်ငံက ခက်ခဲတဲ့အချိန်ကို ရင်ဆိုင်နေရကြောင်း ထူးထူးဆန်းဆန်း ပြောကြားခဲ့ပါတယ်။
'ခက်ခဲနေတဲ့အချိန်ပါပဲ။ ခက်ခဲတဲ့အချိန်တစ်ခုဆိုတာ မငြင်းနိုင်ပါဘူး။ ကျွန်တော်ထင်တာက ခင်ဗျား ပွဲမတိုင်မီ သတင်းတွေကို ကြည့်မယ်ဆိုရင်၊ မြန်မာကို ကြည့်မယ်ဆိုရင် ကျွန်တော် ထင်တယ်။ အဲဒါကလည်း ခက်ခဲတဲ့အချိန်ပဲ။ မြန်မာနိုင်ငံက ခက်ခဲတဲ့အချိန်တစ်ခုနဲ့ ကြုံနေရပါတယ်။ ဘောလုံးမှာတော့ ပွဲအများကြီး မရှုံးနိမ့်ဖို့ပါပဲ'လို့ ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ချယ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းကလည်း ရှုံးပွဲတွေကြောင့် ဖိအားတွေအောက်ရောက်နေပြီလားလို့ မေးမြန်းခဲ့တဲ့သတင်းထောက်ကို ဆီးရီးယားကဒုက္ခသည်တွေကသာ ဖိအားကြီးကြီးမားမားအောက်ရောက်နေတာပါလို့ ဖြေခဲ့ဖူးပါတယ်။ နည်းပြမော်ရင်ဟိုရဲ့ ဖြေကြားချက်ဟာ ပွဲစဉ် ၃ ပွဲသာ ကစားရသေးချိန်မှာ ရှုံးပွဲ ၂ ပွဲနဲ့ပတ်သက်ပြီး ရေးကြီးခွင်ကျယ်လုပ်ပြီး ရေးသားနေကြတဲ့ မီဒီယာတွေကို စကားမပြောချင်တာကြောင့် လှည့်ပတ်ဖြေကြားသွားတယ်လို့ ယူဆရပါတယ်။