မင်္ဂလာပါ ဟိုဆေး... ကျွန်တော်တို့ရဲ့ချစ်ရတဲ့အသင်းဟာ ကွင်းထဲမှာရှိနေချိန်ရော၊ ကွင်းပြင်ပမှာရှိနေတဲ့အချိန်မှာပါ လှိုင်းလေထန်တဲ့အချိန်တွေကို ဖြတ်သန်းနေရပါပြီ။ ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်အပြီး ကျွန်တော်တို့ရဲ့ မဟာပြိုင်ဘက်အသင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကို ကိုယ့်အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုတွေဟာ မန်ချက်စတာယူနိုက်တက်အသင်းလို အောင်မြင်မှုတွေ ရရှိခဲ့တဲ့အသင်းအတွက် လုံးဝကို လက်မခံနိုင်စရာကိစ္စပါပဲ။
ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ၂၅ နှစ် နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်ရဲ့ခေါင်းဆောင်မှုအောက်မှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့တဲ့အချိန်ကတည်းက ပရိသတ်တွေအဖြစ် အားပေးထောက်ခံလာခဲ့ကြတာပါ။ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ အခြားဆုဖလားတွေက ဂန္တဝင်နည်းပြကြီး ထားရစ်ခဲ့တဲ့အမွေအနှစ်တွေပါပဲ။ အဲဒီတော့ သူ့နောက်ပိုင်းမှာ အသင်းကို တာဝန်ယူကိုင်တွယ်တဲ့ နည်းပြတွေအားလုံးဟာ ပရိသတ်တွေ မြင်တွေ့နေကျအတိုင်း တူညီတဲ့ အောင်မြင်မှုတွေကို ရယူပေးနိုင်ရမယ်ဆိုတာ သိသာထင်ရှားနေပါတယ်။
ဆုဖလားတွေနဲ့အတူ မန်ချက်စတာယူနိုက်တက်လိုအသင်းဟာ ဖျော်ဖြေမှုအပြည့််ပေးနိုင်တဲ့ အမှတ်တံဆိပ်တစ်ခုလိုမျိုး တိုက်စစ်ကစားဟန်မျိုးရှိမယ်လို့လည်း မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒေးဗစ်မိုရက်စ်နဲ့ လူးဝစ်ဗန်ဟားလ်တို့ဟာ ပရိသတ်တွေရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီအောင် မလုပ်ပေးနိုင်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ သူတို့ရဲ့ရလဒ်တွေအတွက် ပြန်ပေးသွားကြရတာပါပဲ။
ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးကတည်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၃ နေရာမှာ မရပ်တည်နိုင်တော့တဲ့ အသင်းဟာ ယူရိုပါလိဂ်ဖလားနဲ့ ၂ နှစ်ဆက်တိုက် အဆင့် ၂ နေရာမှာ ရပ်တည်နိုင်တယ်ဆိုတာ အသင်းရဲ့အခြေအနေ တိုးတက်လာတယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ ပေါ့ဂ်ဘာ၊ မာတစ်၊ လူကာကူတို့လို ကစားသမားကောင်းအချို့ကို ခေါ်ယူပြီး အသင်းကို ပြန်လည်တည်ဆောက်ခဲ့တာက ကောင်းမွန်တဲ့အလုပ်တစ်ခု လုပ်နိုင်ခဲ့တာပါ။ ပြီးတော့လည်း ခင်ဗျားဟာ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂျက်ဆီလင်ဂတ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ စကော့မက်တွန်မ်နေးတို့ကို ကိုယ်တိုင် လင်းလက်တောက်ပအောင် ကြိုးစားပြီး ပထမအသင်းမှာ ပါဝင်ခွင့်ရရှိဖို့အတွက် လုံလောက်တဲ့အခွင့်အရေးတွေ ပေးခဲ့ပါသေးတယ်။
ကံမကောင်းစွာနဲ့ပဲ ဒီရာသီမှာ အစီအစဉ်အတိုင်း မသွားနိုင်သေးတာကို တွေ့ရပါတယ်။ အသင်းအနေနဲ့ ကမ္ဘာ့အဆင့် ဗဟိုခံစစ်ကစားသမားကို မခေါ်ယူနိုင်ခဲ့တာ၊ ပထမဆုံး ၃ ပွဲမှာ ၂ ပွဲရှုံးပွဲတွေ့ခဲ့တာတွေက အသင်းမှာ သေးငယ်တဲ့အကျပ်အတည်းတွေဖြစ်ဖို့ ဦးတည်စေခဲ့ပါတယ်။ ဂျာနယ်လစ်အများစုနဲ့ ဘောလုံးကျွမ်းကျင်သူလို့ ကိုယ့်ဘာသာနာမည်ပေးထားကြတဲ့သူတွေက ခင်ဗျား ဘယ်နှပတ်အတွင်း အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုတာတောင် ခန့်မှန်းပြီးနေကြပါပြီ။ ခင်ဗျားအနေနဲ့ ခင်ဗျားရွေးချယ်ထားတဲ့ ဗဟိုခံစစ်ကစားသမားကို မခေါ်ယူပေးတာနဲ့ပတ်သက်ပြီး စိတ်မပျော်မရွှင်ဖြစ်နေတာကို ကလပ်အသင်းတာဝန်ရှိသူအဆင့်ဆင့်ကို လူသိရှင်ကြား ပြသခဲ့ပြီးပါပြီ။
ဒါပေမယ့် ခင်ဗျား နားလည်ထားရမှာက ပြီးခဲ့တဲ့ ၂ ရာသီမှာ ဗဟိုခံစစ်ကစားသမားအတွက် ပေါင်သန်း ၆၀ လောက် သုံးစွဲခဲ့ပြီးပြီဆိုတာပါပဲ။ အသင်းရဲ့တာဝန်ရှိသူတွေက အမြဲတမ်း ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေတတ်ကြတာပဲ။ အထူးသဖြင့် အခုလိုမျိုး ငွေကြေးဖောင်းပွနေတဲ့ အပြောင်းအရွှေ့ဈေးကွက်မှာဆို ပိုတောင်ဆိုးသေးတာပေါ့။ ခင်ဗျားအနေနဲ့ လက်ရှိ ရှိနေတဲ့ ဗဟိုခံစစ်ကစားသမားတွေရဲ့ ချို့ယွင်းချက်တွေကို လူသိရှင်ကြားပြောနေတာထက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့ပဲ အာရုံစိုက်သင့်ပါတယ်။ အဲဒါက အသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ထိခိုက်စေနိုင်ပါတယ်။ ခင်ဗျား စွန့်ပယ်ထားတဲ့ကစားသမားတွေဟာ အရမ်းပါရမီရှိပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်လောက်တဲ့အထိ တကယ်ကောင်းမွန်တဲ့ကစားသမားတွေပါ။ ပေါလ်ပေါ့ဂ်ဘာ၊ မာရှယ်တို့နဲ့ ခင်ဗျားရဲ့ ဆက်ဆံရေးကို မီဒီယာတွေရဲ့ထင်ကြေးပေးနေမှုက အသင်းကို အကူအညီဖြစ်စေနိုင်မှာမဟုတ်ပါဘူး။
တော့တင်ဟမ်ဟော့စပါးနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မြင့်မားတဲ့တန်ပိုတစ်ခုကို ပြန်ပြီး မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းမှာ မန်ယူကစားသမားတွေဟာ တောက်ပခဲ့ပြီး အခွင့်အရေးတွေသာ မလွဲချော်ခဲ့ဘူးဆိုရင် ပထမပိုင်းပြီးတဲ့အထိ ဦးဆောင်နိုင်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပွဲကစားချိန် မိနစ် ၂၇၀ တစ်လျှောက်လုံးမှာ ၂ ဂိုးလောက်ပဲ သွင်းယူနိုင်တာဟာ ကျွန်တော်တို့လို တိုက်စစ်ကြွယ်ဝတဲ့ အသင်းတွေ မျှော်မှန်းတဲ့အရာမဟုတ်ပါဘူး။ ခံစစ်တစ်ခုတည်းက ကျွန်တော်တို့အတွက် စိုးရိမ်ရမယ့်နေရာမဟုတ်ပါဘူး။
တကယ်လို့ နည်းပြတစ်ဦးက အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ပြီး အိုးထရက်ဖို့ဒ်ကို အောင်မြင်မှုတွေ ပြန်လည်ယူဆောင်ပေးနိုင်မယ်ဆိုရင် အဲဒီလူက ခင်ဗျားပဲ ဟိုဆေး။ ခင်ဗျားက ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြဖြစ်ပြီး ပရိသတ်တွေကလည်း ခင်ဗျားအနေနဲ့ အနှေးနဲ့အမြန်ဆိုသလို လမ်းကြောင်းတစ်ခုပေါ်ကို ပြန်တင်ပေးနိုင်မယ်လို့ အပြည့်အဝယုံကြည်နေကြပါတယ်။
ရိုးသားစွာဖြင့််/
သရဲနီစစ်စစ်တစ်ဦး
Share