လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ နိုင်ငံတကာပွဲစဉ်တွေမှာ အီဂျစ်အသင်းအတွက် ကစားပေးဖို့ ပြန်လာတဲ့အချိန်မှာ ၎င်းကို နှောင့်ယှက်နေတဲ့ ပရိသတ်တွေကို မတားဆီးနိုင်ခဲ့ဘူးဆိုရင် အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ဘုတ်အဖွဲ့တစ်ခုလုံး ရာထူးကနေ နှုတ်ထွက်ပေးစေလိုနေတယ်လို့ သိရပါတယ်။
လီဗာပူးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ၂ ခုရရှိခဲ့တဲ့ မိုဟာမက်ဆာလာက အီဂျစ်အသင်းပရိသတ်တွေဟာ ၎င်းကို အော်တိုရေးပေးဖို့နဲ့ ဓာတ်ပုံတွဲရိုက်ပေးဖို့အတွက် တစ်ညလုံး ၎င်းရဲ့ဟိုတယ်အခန်းတံခါးကို အဆက်မပြတ် လာခေါက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အီဂျစ်ဘောလုံးအဖွဲ့ချုပ်ထံ စာတွေပေးပို့ခဲ့တဲ့ မိုဟာမက်ဆာလာရဲ့ရှေ့နေက အထူးတောင်းဆိုချက်အနေနဲ့ ကစားသမားရဲ့ လုံခြုံရေးနဲ့ ပုံရိပ်အသုံးပြုခွင့်တို့ကို တောင်းဆိုထားလျက်နဲ့ မပြုလုပ်ပေးခဲ့တဲ့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကို ဒေါသထွက်နေတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့က အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဟာနီအာဘိုရီဒါထံ မိုဟာမက်ဆာလာရဲ့ရှေ့နေ့ ရာမီအဘတ်စ်အစ်ဆာပေးပို့ခဲ့တဲ့စာထဲမှာ မိုဟာမက်ဆာလာကို ၎င်းတို့ဆက်ဆံပုံဟာ အရှက်ရဖွယ်နဲ့ ရွံရှာစက်ဆုပ်ဖွယ်အမူအကျင့်လို့ စွပ်စွဲထားပါတယ်။

အစ်ဆာက ယင်းစာထဲမှာ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကို မိုဟာမက်ဆာရဲ့ဟိုတယ်အခန်းအပြင်ဘက်မှာ မနက်စောစော အော်တိုရေးခိုင်းပြီး ဓာတ်ပုံတွဲရိုက်ဖို့ စခန်းချပြီးစောင့်ဆိုင်းနေတဲ့ လူတွေကို တားဆီးပေးဖို့၊ လေ့ကျင့်ရေးကွင်းမှာ လူတွေ ဝိုင်းအုံနေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။
နောက်ထပ်အချက်တွေအနေနဲ့ ဆာလာအတွက် သက်တော်စောင့် ၂ ဦး အမြဲတမ်းထားရှိပေးဖို့၊ သက်တော်စောင့်တွေဟာ ဆာလာရဲ့ဟိုတယ်အခန်းအပြင်မှာ အချိန်ပြည့်စောင့်ဆိုင်းပေးဖို့၊ ဓာတ်လှေကားနေရာမှာလည်း လုံခြုံရေးတွေပိုမိုထားရှိပေးဖို့၊ ဆာလာရဲ့ဟိုတယ်အခန်းကို ဆက်တဲ့ဖုန်းမှန်သမျှ ပိတ်ပင်တားဆီးထားဖို့၊ မိုဟာမက်ဆာလာကို အင်တာဗျူး၊ တွေ့ဆုံနှုတ်ဆက်ပွဲ၊ စပွန်ဆာပွဲ၊ တရားဝင်အလည်အပတ် စတဲ့ ကိစ္စတွေကို လုပ်ပေးနိုင်မယ်လို့ မမျှော်လင့်ထားဖို့၊ နိုင်ငံတကာပွဲစဉ်တွေအတွက် အီဂျစ်ဘောလုံးအဖွဲ့ချုပ်က လေယာဉ်နဲ့ ဆာလာကို လာခေါ်ပေးပြီး ဟိုတယ်အခန်းအတွင်းကို တိုက်ရိုက် တတ်နိိုင်သမျှလျှို့ဝှက်စွာ ပို့ပေးဖို့ဆိုတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။