UEFA က ကျင်းပတဲ့ ပြိုင်ပွဲပုံစံအသစ်တစ်ခုဖြစ်တဲ့ Nations League ပြိုင်ပွဲကို မနေ့က စတင်ကျင်းပရာမှာ ဂျာမနီ နဲ့ ပြင်သစ်တို့ ကစားခဲ့ကြပြီး ဂိုးမရှိ သရေပွဲဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အိမ်ကွင်း အလိုင်းယင့်ဇ်အရီနာ ကွင်းကြီးထဲမှာ ဥရောပထိပ်သီးအသင်း နှစ်သင်းဟာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် သရေပွဲနဲ့သာ အဆုံးသတ်ခဲ့ ရပါတယ်။

Photo : 90 min
အိမ်ရှင်ဂျာမနီအသင်းမှာ လူစုံပါဝင်လာခဲ့ပြီး ကင်မစ်ချ်ကို ကွင်းလယ်မှာ ကစားစေဖို့ ဂျိုအာချင်လိုက စီစဉ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်ဟာလည်း ကမ္ဘာ့ဖလားဆွတ်ခူးခဲ့စဉ်က အမာခံကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာ ဖြစ်လို့ နာမည်ကျော် ကစားသမားတွေကို နိုင်ငံအသင်းပွဲစဉ်မှာ လူစုံတက်စုံ မြင်တွေ့ခဲ့ရပါတယ်။

Photo : 90 min
ဂျာမနီအသင်းမှာ တိုနီခရူးစ် ခြေစွမ်းပြနိုင်ခဲ့ပြီ ပထမပိုင်းမှာ ခရူးစ်ဟာ ဘောလုံးပေးပို့မှု (၃၅)ကြိမ် ပြုလုပ်ခဲ့ကာ (၃၅)ကြိမ်စလုံးကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့တယ်လို့ ပွဲအပြီး အချက်အလက်များမှာ ဖော်ပြချက်အရ သိရှိရပါတယ်။ ဂျာမနီအသင်းဟာ အိမ်ရှင်အသင်းပီပီ ပြင်သစ်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းမှုအပိုင်းတွေမှာ အသာစီးရရှိခဲ့ပါတယ်။
Photo : 90 min
ပြင်သစ်အသင်းဘက်မှာတော့ ကန်တေက ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမား ကန်တေဟာ ဂျာမနီအသင်းရဲ့ တိုက်စစ်ကစားသမားတွေကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပြီး ကွင်းလယ်ပိုင်း လွှမ်းမိုးမှုရရှိအောင် အားထုတ်ကြိုးပမ်းမှု တွေမှာ သိသာစွာ အောင်မြင်ခဲ့ပြီး ပထမပိုင်းမှာ ပိုမိုခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကန်တေရဲ့ ကစားပုံကို ကျွဲရိုင်းတစ်ကောင် ဒေါမာန်ကြီးစွာနဲ့ သောင်းကျန်းနေမှုနဲ့ 90 min က ခိုင်းနှိုင်းရေးသားခဲ့ပါတယ်။
Photo : 90 min
ဂျာမနီအသင်းဘက်မှ ရူဒီဂါ နဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်မန်းဇ်တို့ကတော့ သက်ဆိုင်ရာအသင်းတွေအတွက် ကစားခဲ့မှုမှာ အညံ့ဖျင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ရူဒီဂါဟာ နောက်တန်းဘယ်အစွန်မှာ ကစားခဲ့ပြီး ဖြတ်တင်ဘောတွေ ပေးပို့နိုင်ဖို့ ဂျိုအာချိုလိုက ညွှန်ကြားခဲ့ပေမယ့်လည်း ပြင်သစ်ညာနောက်ခံလူ ပါဗက်ရဲ့ ဖိအားပေးမှုတွေအောက်မှာ လှုပ်မရခဲ့ပဲ ခြေစွမ်းပျောက်ခဲ့တာ ဖြစ်ပါတယ်။
Photo : 90 min
ဂရစ်မန်းဇ်ကတော့ အိုလီဗာဂီရော့ဒ်ရဲ့နောက်မှာ တာဝန်ယူကစားခဲ့ပြီး ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဂရစ်မန်းဇ် ခြေစွမ်းပျောက်ခဲ့မှုဟာ အထောင်တိုက်စစ်မှူးနေရာမှာ ကစားခဲ့တဲ့ ဂီရော့ဒ်ကိုလည်း အကျိုးသက်ရောက်စေခဲ့ပြီး ပြင်သစ်တိုက်စစ်ဟာ ဂျာမနီကို ကြီးကြီးမားမားခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့ရပါတယ်။ ပြင်သစ်ကတော့ တနင်္ဂနွေနေ့မှာ Nations League ပြိုင်ပွဲရဲ့ ဒုတိယပွဲအဖြစ် နယ်သာလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဂျာမနီကတော့ ခြေစမ်းပွဲအဖြစ် ပီရူးနဲ့ ထပ်မံကစားသွားမယ်လို့ သိရပါတယ်။