ရီးရဲလ်မက်ဒရစ် နဲ့ ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်ဟာ UEFA က ပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာအမျိုးသား အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ မိုဒရစ်အတွက် ဒီဆုကို ရရှိခဲ့မှုဟာ ၂၀၁၈ ခုနှစ်အတွင်း သူ့အတွက် အံ့အားသင့်ဖွယ် အောင်မြင်မှုတွေကို ဆက်လက်ပုံဖော်နိုင်ခဲ့တာ ဖြစ်ပြီး ဘလွန်းဒီအောဆုအတွက်ပါ ပိုမိုမျှော်လင့်နိုင်ခဲ့ပါတယ်။
Photo : 90 min
မနေ့ညက ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲရွေးချယ်မှုမှာ အကောင်းဆုံးကစားသမားဆုကို ကြေငြာခဲ့တာ ဖြစ်ပြီး ခရိုအေးရှားကွင်းလယ်လူက ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ မိုဒရစ်ဟာ တစ်ဦးတည်း ဆုတံဆိပ် (၂)ခုအထိ ရရှိခဲ့ပြီး မမေ့နိုင်စရာ ညတစ်ညကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ မိုဒရစ်ဟာ အကောင်းဆုံးကွင်းလယ်ကစားသမားဆု၊ အကောင်းဆုံးကစားသမားဆုတို့ကို တစ်ပြိုင်နက်တည်း ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
Photo : 90 min
နေရာအလိုက် အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ရွေးချယ်ပေးအပ်ခဲ့ပြီး ဆုအားလုံးကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းသားတွေက သိမ်းကျုံးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမားဆုကို ကေလာနာဗက်စ်က ရရှိခဲ့ပြီး နောက်တန်းကစားသမားဆုကို ရာမို့စ်၊ ကွင်းလယ်ဆုကိုတေ့ာ မိုဒရစ် နဲ့ ရှေ့တန်းဆုကိုတော့ ဂျူဗီကို ပြောင်းရွှေ့သွားတဲ့ ရော်နယ်ဒိုတို့က ရရှိခဲ့ပါတယ်။
Photo : 90 min
ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့မှု၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်း ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့မှုတွေမှာ မိုဒရစ်ဟာ ကလပ် နဲ့ နိုင်ငံအသင်းအတွက် ကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အသင်းရဲ့ ဟန်ချက်ကို ထိန်းသိမ်းပေးခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မိုဒရစ်ဟာ ရွှေဘောလုံးဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
"ကျွန်တော့်အတွက် မယုံကြည်နိုင်စရာ အချိန်ပါပဲ၊ အရမ်းကို စိတ်လှုပ်ရှားရသလို ဂုဏ်လည်းယူမိပါတယ်၊ ကျွန်တော့်ကို ဆန္ဒမဲပေးခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်၊ အသင်းဖော်တွေ၊ နည်းပြတွေ နဲ့ ရီးရဲလ်မက်ဒရစ်တို့က ဒီဆုကို ကျွန်တော်ရရှိဖို့အတွက် ကူညီပေးခဲ့တာပါ" လို့ မိုဒရစ်က ပြောကြားခဲ့ပြီး ဆုရရှိချိန်မှာ သူ့ရဲ့ ဖခင်ကို သတိရမိကြောင်းနဲ့ သူ့အပေါ် သင်ကြားပြသပေးခဲ့တာတွေကို ကျေးဇူးအမြဲတမ်းတင်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
Photo : 90 min
ဒီဆုအတွက် ဆန်ခါတင်စာရင်းမှာ ရော်နယ်ဒို၊ ဆာလာ နဲ့ မိုဒရစ်တို့ ရွေးချယ်ခံခဲ့ရပြီး မိုဒရစ်ဟာ တိုက်စစ်ကစားသမား (၂)ဦးကို ကျော်ဖြတ်ပြီး UEFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။