ဆူဇူကီးဖလား အုပ်စု (က)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မလေးရှား နဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်ကို ဒီနေ့ည မြန်မာ စံတော်ချိန် (ရး၀၀) မှာ ကစားခဲ့ကြပါတယ်။ အုပ်စုက လွန်မြောက်ဖို့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတဲ့ မလေးရှား နဲ့ သရေတစ်မှတ်ရတာနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ့် မြန်မာအသင်းတို့ရဲ့ ပွဲစဉ်ကို ဘူကစ်ဂျာလီကွင်းအတွင်းမှာ မြန်မာပရိသတ် (၃)ထောင်ခန့် လာရောက်အားပေး ခဲ့ကြပါတယ်။

မြန်မာအသင်းဟာ ဗီယက်နမ်အသင်းက ပွဲထွက်ကစားသမားစာရင်းကို အခြေခံပြီးတော့ မလေးရှားကို ရင်ဆိုင်ခဲ့ပြီး ထက်ဖြိုးဝေနေရာမှာ မောင်မောင်စိုးကို လဲလှယ်အသုံးပြုခဲ့ပြီး ကျော်ဇင်ထက်၊ ဝင်းမိုးကျော်၊ ဇော်မင်းထွန်း၊ စိုးမိုးကျော်၊ နန္ဒကျော်၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ စည်သူအောင်၊ မောင်မောင်လွင် နဲ့ အောင်သူတို့ ပွဲထွက်ခဲ့ပါတယ်။
မလေးရှားအသင်းကလည်း အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး အိမ်ကွင်းမှာ မြန်မာကို ရင်ဆိုင်ခဲ့ပါတယ်။ ပွဲစတာနဲ့ မလေးရှားအသင်းဟာ တိုက်စစ်ကို ဦးစားပေးကစားခဲ့ပြီး မြန်မာအသင်းကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာအသင်းကတော့ ပွဲကို ထိန်းချုပ်ဖို့သာ အာရုံစိုက်ခဲ့ပြီး မလေးရှားအသင်းရဲ့ ထိုးဖောက်မှုတွေကို ဟန့်တားခဲ့ပါတယ်။
မလေးရှားက ပွဲကို ဦးဆောင်ကစားခဲ့ပြီး မြန်မာအသင်းက တန်ပြန်တိုက်စစ်တွေကို ဦးစားပေး အသုံးပြုခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာ မလေးရှားက အသာစီးရရှိခဲ့ပြီး တိုက်စစ်ကို ပုံဖော်ကစားနိုင်ခဲ့လို့ မြန်မာအသင်းဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန် (၂၆)မိနစ်မှာ မလေးရှားရဲ့ ဝါရင့်တိုက်စစ်မှူး နော်ရှာဟူက မြန်မာအသင်း ဂိုးဧရိယာထဲကနေ အပိုင်ပိတ်သွင်းခဲ့ပြီး ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာ မြန်မာအသင်း ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် အပိုင်အခွင့်အရေး မရရှိခဲ့ပဲ တိုက်စစ်ပိုင်း အားနည်းခဲ့ပါတယ်။ မြန်မာအသင်းဟာ ပထမပိုင်းမှာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်သာ ရရှိခဲ့ပြီး တိုက်စစ်ပိုင်းက သိသိသာသာ အားနည်းခဲ့ပါတယ်။ ဒါကြောင့်လည်း မလေးရှားက နောက်ထပ်ဂိုးရဖို့ ကြိုးစားမှုကို ခွင့်ပြုခဲ့ရပါတယ်။
ပထမပိုင်းနာကျင်အချိန်ပိုမှာ မလေးရှားအသင်းထိုးဖောက်လာမှုကို မြန်မာနောက်တန်းက စိုးမိုးကျော် ဖျက်ထုတ်ရာမှာ ပယ်နယ်တီ ပေးခဲ့ရပြီး မလေးရှားအသင်းခေါင်းဆောင် ရာဇက်ခ်က ကန်သွင်းယူနိုင်ခဲ့လို့ မလေးရှားတို့ ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မလေးရှားအသင်းကပဲ ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး မြန်မာကတော့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။
မလေးရှားအသင်း အပိုင်အခွင့်အရေး (၃)ကြိမ်လောက် ထပ်ရခဲ့ပြီး အသုံးမချနိုင်ခဲ့လို့သာ မြန်မာတို့ သက်သာခဲ့တာပါ။ မလေးရှား ညာတောင်ပံက ကစားသမားကို နန္ဒကျော် လုံးဝမထိန်းနိုင်ခဲ့သလို မြန်မာဘယ်ခံစစ်ခြမ်းကနေပဲ မလေးရှားက ဆက်တိုက်ထိုးဖောက် နေခဲ့တာ ဖြစ်ပါတယ် မြန်မာကတော့ အောင်သူ၊ မောင်မောင်လွင်တို့ရဲ့ အားနဲ့ ဂိုးရဖို့ ရုန်းကန်ခဲ့ပြီး ဇင်မင်းထွန်း၊ သန်းထက်အောင်တို့ကို လူစားလဲလှယ်ခဲ့ပေမယ့် တိုက်စစ်က ထင်သလိုဖြစ်မလာခဲ့ပါဘူး။
ဒါကြောင့်ပဲ ချေပဂိုးနဲ့ အလှမ်းဝေးခဲ့ပြီး မြန်မာတို့ရဲ့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရေး မျှော်လင့်ချက်က မှေးမှိန်လာခဲ့ပါတယ်။ မြန်မာတို့ ချေပဂိုးတွေရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်လည်း အသင်းလိုက် ချိတ်ဆက်မှု အားနည်းတဲ့အပြင် တိုက်စစ်က အောင်သူ နဲ့ မောင်မောင်လွင်တို့ပါ ခြေစွမ်းပျောက်ခဲ့လို့ ဂိုးရဖို့ မနီးစပ်ခဲ့ပါဘူး။
ပွဲချိန် (၈၈)မိနစ်မှာ မြန်မာနောက်တန်းက စိုးမိုးကျော် ဖျက်ထုတ်ရာကတဆင့် မလေးရှားအသင်းခေါင်းဆောင်နဲ့ ထိပြီး မြန်မာဂိုးထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့လို့ မြန်မာတို့ နောက်တစ်ဂိုးပေးခဲ့ရပြီး အဝေးကွင်းမှာ မျှော်လင့်ချက် ကုန်ဆုံးသလောက်ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ မလေးရှားက မြန်မာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ကာ မြန်မာအသင်းကတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတော့တယ်။