အား/ကာသိပ္ပံနဲ့အကယ်ဒမီတွေတက်မှ လက်ရွေးစင်ဖြစ်မယ်ဆိုတာမျိုး မဟုတ်တော့ပါဘူး။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေနဲ့ အရည်အသွေးပြည့်ဝတဲ့ လူငယ်ကစားသမားတွေကို စွမ်းရည်ပိုမိုပြည့်ဝလာအောင် ကူညီပေးနိုင်တယ်လို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ပြောကြားလိုက်ပါတယ်။ မြန်မာ့ဘောလုံးလောက တိုးတက်ဖွံ့ဖြိုးဖို့အတွက် ရွက်ပုန်းသီးကစားသမားတွေလည်း အခွင့်အရေးအပြည့်အ၀ ရရှိနိုင်တယ်လို့ ဦးဇော်ဇော်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

သြဂုတ်လ (၁)ရက်နေ့၊ မန္တလေးကွန်ဗင်ရှင်းစင်တာမှာ ကျင်းပတဲ့ အထက်မြန်မာပြည်၊  မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ အတည်ပြုကြေငြာခြင်း အခမ်းအနားမှာ ဦးဇော်ဇော်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြို့နယ်အလိုက် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များကနေ ဒေသတွင်းက ထူးချွန်ထက်မြက်တဲ့ လူငယ်ကစားသမားတွေရဲ့ ကစားပုံ၊ ကျွမ်းကျင်မှုတွေကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဆီ ပေးပို့ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

 

အဖွဲ့ချုပ်အနေနဲ့ ပေးပို့လာတဲ့ လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေအပေါ်မှာ အကဲဖြတ်စိစစ်ပြီး ထိုက်သင့်တဲ့ နေရာနဲ့ အခွင့်အရေးတွေကို ပေးသွားမယ်လို့လည်း ဦးဇော်ဇော်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့ ခြေစွမ်းခြေစ ထက်မြက်တဲ့ နိုင်ငံအနှံ့က လူငယ်ဘောလုံးကစားသမား တွေဟာ  ရပ်ကွက်/ကျေးရွာ ပြိုင်ပွဲတွေကနေ အစပြုပြီး နိုုင်ငံ့လက်ရွေးစင်ကစားသမားဘဝကို ရောက်ရှိလာဖို့ အခွင့်အရေး အပြည့်အ၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

 

"ကျွန်တော်တို့က အားကစားလောက ဖွံ့ဖြိုးဖို့အတွက် KG လောက်စပြီး လုပ်ရတော့မလိုဖြစ်နေပါပြီ၊ အရင်လိုမျိုး လိုက်ရှာပြီး အားကစားသိပ္ပံထဲထည့်ပြီး ကစားလို့မရတော့ဘူး၊ အရမ်းဝေးကွာသွားပြီ၊ ကျွန်တော်တို့ သွားချင်တဲ့ စနစ်နဲ့ပုံစံမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြောင်းလဲလာတဲ့အတိုင်း ကျွန်တော်တို့ ပြောင်းလဲဖို့ လိုပါတယ်"

"ရေတိုစီမံကိန်းမဟုတ်ပါဘူး၊ ရေရှည်စီမံကိန်းပါ၊ သက်ဆိုင်ရာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွေအနေနဲ့ ဒေသတွင်းက အရည်အချင်းရှိတဲ့ ကစားသမားတွေကို ရှာဖွေဖော်ထုတ်ပြီး လူမှုကွန်ရက်ကတဆင့် ဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ်ပေးပို့လာမယ်ဆိုရင် အရမ်းအကျိုးရှိပါတယ်၊ အဖွဲ့ချုပ်အနေနဲ့ ဒီလိုမျိုးအပေါ်မှာ Skill ပိုင်း ကျွမ်းကျင်မှုတွေ ရှိလာအောင် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်၊ ဒါဆိုရင် နိုင်ငံလက်ရွေးစင် အသင်းအတွက် အသုံးဝင်တဲ့ ကစားသမားကောင်းတွေကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်" လို့ ဦးဇော်ဇော်က ပြောကြားခဲ့ပါတယ်။

 

အထက်မြန်မာပြည် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ အတည်ပြုကြေငြာခြင်း အခမ်းအနားကို သက်ဆိုင်ရာ မြို့နယ်များမှ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ဒီလို ဘောလုံးအဖွဲ့ချုပ်တွေ တည်ထောင်ရာမှာ နိုင်ငံ့ဘောလုံးလောက တိုးတက်ဖွံ့ဖြိုးလာဖို့အတွက် အခြေခံက စတင်ပြီး စနစ်တကျ လုပ်ဆောင်သွားဖို့နဲ့ အများက လေးစားရတဲ့ အဖွဲ့အစည်းများ ဖြစ်လာအောင် စွမ်းဆောင်ကြဖိုု့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

အရင်တုန်းကတော့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဖြစ်ဖို့ဆိုတာ အား/ကာသိပ္ပံနဲ့ အကယ်ဒမီတွေ တက်ရောက်မှ ဖြစ်မယ်ဆိုတဲ့ ထင်မြင်ချက်မျိုးတွေ အရိုးစွဲနေခဲ့ပြီး ရွက်ပုန်းသီးကစားသမားတွေအတွက် လက်ရွေးစင်အိပ်မက်ဟာ အလှမ်းကွာနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွေကတဆင့် ရှာဖွေဖော်ထုတ်ပြီး MFF ရဲ့ စိစစ်ရွေးချယ်မှုတွေ၊ အရည်အသွေး မြင့်မားအောင် သင်ကြားပြသမှုတွေနဲ့အတူ လက်ရွေးစင်ဖြစ်ခွင့် အိပ်မက်တွေက အနီးစပ်ဆုံးဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က