COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) စတင်တွေ့ရှိရာ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအကြောင်း သတင်းရေးသားခဲ့တဲ့ တရုတ်အမျိုးသမီး စီတီဇင်ဂျာနယ်လစ်တစ်ဦးဟာ ထောင်ဒဏ်ငါးနှစ်အထိ ကျခံရမယ့်အခြေအနေ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

(ဖေဖေါ်ဝါရီလအတွင်း ဝူဟန်မြို့မှာ ယာယီဆေးရုံတစ်ခုကို တွေ့ရစဥ်)
အသက် ၃၇ နှစ်အရွယ် ရှေ့နေဟောင်းတစ်ဦးဖြစ်သူ Zhang Zhan ဟာ မေလကတည်းက ဖမ်းဆီးခံထားရတာလည်း ဖြစ်ပါတယ်။ သူမကို အငြင်းပွားဖွယ်ရာများ ဖန်တီးမှုနဲ့ ပြဿနာဖြစ်စေမှုဖြင့် စွပ်စွဲထားပြီး တရုတ်မှာ တက်ကြွလှုပ်ရှားသူတွေကို မကြာခဏ ထိုသို့ စွပ်စွဲလေ့ရှိကြောင်း သိရပါတယ်။ Zhang Zhan ဟာ ဗိုင်းရပ်စ်စတင်တွေ့ရှိတဲ့ ဝူဟန်အကြောင်းကို သတင်းရေးသားမှုကြောင့် ပြဿနာကြုံရတဲ့ ပထမဆုံး စီတီဇင်ဂျာနယ်လစ် (citizen journalist) မဟုတ်ဘူးလို့ ဆိုပါတယ်။
ထိုသို့ သတင်းရေးသားခဲ့တဲ့ စီတီဇင်ဂျာနယ်လစ် အနည်းဆုံးသုံးဦးဟာ ဖေဖေါ်ဝါရီလအတွင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ပထမတစ်ဦးဖြစ်တဲ့ Li Zehua ဟာ ဧပြီလအတွင်း ပြန်ပေါ်လာခဲ့ပြီး ၎င်းကို အသွားအလာကန့်သတ်ထားရှိခဲ့ကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာ ဒုတိယတစ်ဦးဖြစ်တဲ့ Chen Qiushi လည်း ပြန်ပေါ်လာခဲ့ပြီး ၎င်းကို အစိုးရက စောင့်ကြည့်ကြီးကြပ်မှုဖြင့် နေထိုင်စေခဲ့တယ်လို့ ဆိုပါတယ်။ တတိယမြောက် စီတီဇင်ဂျာနယ်လစ် Fang Bin ကတော့ လက်ရှိအချိန်အထိ မည်သည့်နေရာမှာ ရောက်ရှိနေကြောင်း မသိရသေးပါဘူး။
(စီတီဇင်ဂျာနယ်လစ် Zhang Zhan)
တရုတ်အာဏာပိုင်တွေက ဝူဟန်အကြောင်း ထုတ်ဖော်ပြောတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ Zhang Zhan ကို စွဲချက်တင်ထားတဲ့ အမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ထွက်ပေါ်လာခဲ့ရာမှာ သူမက ဖေဖေါ်ဝါရီလအတွင်း ဝူဟန်မြို့သို့ သွားရောက်ပြီး သတင်းအတော်များများ တင်ဆက်ခဲ့တယ်လို့ သိရပါတယ်။
Chinese Human Rights Defenders (CHRD) ရဲ့ အဆိုအရ Zhang Zhan က အခြား လွတ်လပ်တဲ့ဂျာနယ်လစ်များ ထိန်းသိမ်းခံရမှုနဲ့ ရောဂါဖြစ်ပွားသူတွေရဲ့ မိသားစုတွေကို အနှောင့်အယှက်ပြုခံရကြောင်း သတင်းများ ရေးသားတင်ဆက်ခဲ့တယ်လို့ CHRD က ပြောပါတယ်။
(ဂျာနယ်လစ် Chen Qiushi)
ထို့နောက် မေ ၁၄ ရက်နေ့မှာတော့ Zhang Zhan ဟာ ဝူဟန်မြို့ကနေ ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်တစ်ရက်အကြာမှာ သူမကို ဝူဟန်နဲ့ မိုင် ၄၀၀ ကျော်ဝေးတဲ့ ရှန်ဟိုင်းမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဇွန် ၁၉ ရက်နေ့မှာ သူမကို ရှန်ဟိုင်းမြို့မှာ တရားဝင် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ထိုသို့ အဖမ်းခံထားရပြီး သုံးလနီးပါးအကြာမှသာ Zhang Zhan ရဲ့ ရှေ့နေက သူမနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ CHRD က ပြောကြားမှုအရ Zhang Zhan ဟာ သူမ အဖမ်းခံရမှုအတွက် အစာငတ်ခံ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။
(လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲ ဂျာနယ်လစ် Fang Bin)
စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ Zhang Zhan ကို စွဲချက်တင်ထားကြောင်း သူမရဲ့ရှေ့နေထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ သောကြာနေ့ (နိုဝင်ဘာ ၁၃ ရက်) မှာ တရားဝင် စွဲချက်တင်ခံခဲ့ရပါတယ်။ ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) မှာ ထွက်ပေါ်လာတဲ့ စွဲချက်တင်ထားတဲ့ အမှုကိစ္စ စာရွက်စာတမ်းတွေအရ သူမဟာ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို စာသား၊ ဗီဒီယိုနဲ့ WeChat ၊ Twitter နဲ့ YouTube ကဲ့သို့ အခြား ဆိုရှယ်မီဒီယာများမှာ တင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒါ့အပြင် Zhang Zhan ဟာ နိုင်ငံခြားမီဒီယာတွေနဲ့ အင်တာဗျူးလုပ်ခဲ့ပြီး ဝူဟန်မြို့မှာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ကြောင်းလည်း စွပ်စွဲခံရပါတယ်။ Zhang Zhan ကို စွဲချက်တင်ထားမှုအရ ထောင်ဒဏ်လေးနှစ်မှ ငါးနှစ်အထိ ချမှတ်သင့်ကြောင်း တရားရုံးကို ထောက်ခံအကြံပြုထားတယ်လို့ ဆိုပါတယ်။
(ဂျာနယ်လစ် Li Zehua)
ယခုဖြစ်ရပ်ဟာ စီတင်ဇင်ဂျာနယ်လစ် Zhang Zhan အတွက် အာဏာပိုင်တွေနဲ့ ပထမဆုံးအကြိမ် ပြဿနာဖြစ်ခဲ့တာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ သူမဟာ ဟောင်ကောင်မှ တက်ကြွလှုပ်ရှားသူတွေကို အားပေးထောက်ခံကြောင်း ပြောခဲ့တာကြောင့်လည်း ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ရှန်ဟိုင်းမြို့မှာ ရဲတပ်ဖွဲ့ရဲ့ ဆင့်ခေါ်ခြင်းခံရပြီး အဖမ်းခံခဲ့ရကြောင်း CHRD က ပြောပါတယ်။ Zhang Zhan ဟာ ဖမ်းဆီးခံထားရစဥ် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုခံယူရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။