STRESS? ဒီနေ့ခေတ်မှာ အပြောအများဆုံး စကားလုံးတွေထဲက တစ်လုံးက စိတ်ဖိစီးမှု - Stress ဆိုတဲ့ စကားပါပဲ။ ကပ်ရောဂါဘေးတွေအတူ ကပ်ပါလာတဲ့ လူမှုဘဝအပြောင်းအလဲ ၊ စီးပွားရေး အကျပ်အတည်း ၊ အနာဂတ်ဝေဝါးခြင်းများနဲ့ ခေါင်းစဉ်မတပ်နိုင်တဲ့ လူမှုဒုက္ခတွေက စိတ်ဖိစီးမှုဆိုတဲ့ တူနဲ့ လူတိုင်းရဲ့ ခေါင်းကို ထုနှက်နေပြီ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုဟာ နိုင်ငံရေး ၊ စီးပွားရေးတို့လိုပဲ ဒီနေ့ခေတ်မှာ အရေးတကြီး ဖြေရှင်းရမယ့် ကျန်းမာရေးပြဿနာတစ်ခုပါ။ စိတ်ဖိစီးမှု သက်သာဖို့ နည်းလမ်းတွေအမျိုးမျိုး ရှိပါတယ်။ အကောင်းဆုံးနည်းလမ်းအဖြစ် အများညွှန်းကြတာက Meditation လို့ခေါ်တဲ့ တရားထိုင်ခြင်းအလေ့အကျင့်ပဲ ဖြစ်ပါတယ်။ အခုလို စမတ်ဖုန်းတွေ လူတိုင်းကိုင်နေတဲ့ခေတ်မှာ ဖုန်းကနေ တရားထိုင်မှုအတွေ့အကြုံကို ကူညီပံ့ပိုးပေးသွားမယ့် Apps တွေအကြောင်း မျှဝေပေးချင်ပါတယ်။
(၁) Insight Timer
Photo: thechalkboardmag
စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပညာရှင်ပေါင်း ၁ သောင်းကျော်ဆီက စိတ်ဖိစီးမှု ၊ အများနဲ့ ဆက်ဆံခြင်း ၊ စိတ်ပင်ပန်းမှု ဖြေလျှော့ရေး ၊ အိပ်စက်မှု ၊ ဖန်တီးနိုင်စွမ်း စတဲ့ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ အကြံပေး လေ့ကျင့်သင်ကြားတာကို ဒီ app မှာ ဝင်ကြည့်နိုင်ပါတယ်။ Insight Timer ဟာ အခမဲ့လမ်းညွှန်ထားတဲ့ တရားထိုင်နည်းပေါင်း ၈၀၀၀၀ ကျော်ပါဝင်တဲ့ Content Library ကြီးနဲ့ လာတာပါ။
ကိုယ့်အနားမှာ ဆရာကိုယ်တိုင် လာပြီး စိတ်ထားနည်း ညွှန်ပြနေသလို ခံစားရမယ့် App ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လမ်းပျောက်နေသလို ခံစားနေရသူတွေအတွက် ဘဝနဲ့ ဆိုင်တဲ့ အကြံပေးချက်တွေနဲ့ စိတ်ခွန်အားပေးစကားတွေအကြောင်း Free Talks မှာ ဝင်နားထောင်လို့ ရပါတယ်။ တိုက်ရိုက်ဝင်ပြီး နားထောင်ဆွေးနွေးချင်ရင်လည်း Insight Timer မှာ Live Events တွေ နာရီတိုင်းလိုလို ရှိပါတယ်။
အခမဲ့ App အနေနဲ့လာသလို Paid Service လည်း ထွက်ထားပါတယ်။ Android ၊ iOS နဲ့ Web ပေါ်မှာ ဒီ App ကို ရယူနိုင်ပါတယ်။
(၂) Smiling Mind
Photo: smilingmind
အခမဲ့သုံးနိုင်မယ့် Mindfulness App တစ်ခု ဖြစ်ပြီး ရာနဲ့ချီတဲ့ တရားထိုင်နည်းတွေလည်း မျှဝေထားပါတယ်။ ပရိုဂရမ်တွေကို တရားထိုင်တာ ၊ အိပ်စက်တာ ၊ ဒီဂျစ်တယ်ပစ္စည်းတွေ နဲ့ အဆက်ဖြတ်ထားတာ နဲ့ စိတ်ဖိစီးမှု ကိုင်တွယ်တာဆိုပြီး သူ့အပိုင်းနဲ့သူ စနစ်တကျ စီစဉ်ထားပါတယ်။ ကိုယ်နဲ့ အဆင်ပြေသလိုလည်း ပရိုဂရမ်တွေကို ပြန်စီစဉ်လို့ ရပါတယ်။
Meditations အတော်များများက ၅ မိနစ်ကနေ ၁၅ မိနစ်အကြား ရှိပြီး အဆင့်မြင့် တရားထိုင်မှုအတွက် ၄၅ မိနစ်အထိ စီစဉ်ထားတာတွေလည်း ရှိပါတယ်။ အလုပ်များတဲ့သူတွေအတွက် စိတ်ဖိစီးမှုကို အမြန်ဖြေလျှော့ပေးဖို့ ၂ မိနစ်ကနေ ၅ မိနစ်အကြား အစီအစဉ်လေးတွေလည်း ထည်ပေးထားပါတယ်။ လူပေါင်း ၅ သန်းခွဲကျော် Download ဆွဲထားတဲ့ App ဖြစ်ပြီး သူ့ကိုလည်း Android ၊ iOS နဲ့ Web တွေပေါ်မှာ အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။
(၃) UCLA Mindful
Photo: simmsmanncenter
လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယားတက္ကသိုလ် Mindful Awareness Research Center က ထုတ်ထားတဲ့ App ဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့ စပိန်စကားတွေနဲ့ ဒါဇင်နဲ့ချီတဲ့ တရားထိုင်နည်းအမျိုးမျိုး ဒီ App မှာ ထည့်ပေးထားပါတယ်။ UCLA Mindful App မှာ တရားထိုင်နည်း ၊ အသက်ရှုနည်း ၊ ခန္ဓာကိုယ်စောင့်ကြည့်နည်း ၊ စိတ်ခံစားချက်ကို ကိုင်တွယ်နည်းနဲ့ ဂရုဏာနဲ့ မေတ္တာပွားနည်းတွေကို ၃ မိနစ်ကနေ ၁၉ မိနစ်စာ Sessions တွေနဲ့ လေ့လာနိုင်ပါတယ်။
အခုမှ တရားစပြီး ထိုင်မယ့်သူတွေအတွက်လည်း Getting Started ဆိုတဲ့ အခန်းကနေ စပြီး အခြေခံကနေ လေ့လာနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီ App မှာ အချိန်ကြာမြင့်တဲ့ တရားထိုင်မှုအကြောင်းတွေကို နားထောင်နိုင်မယ့် နာရီဝက်စာ Podcasts တွေလည်း ထည့်ပေးထားပါတယ်။ UCLA Mindful App ကို iOS နဲ့ Android တွေပေါ်မှာ ဒေါင်းလုပ်ဆွဲ ရယူနိုင်မှာပါ။
(၄) Healthy Minds Program
Photo: centerhealthyminds
စိတ်ကျန်းမာရေး အလေးပေး ရေးဆွဲထားတဲ့ Apps တွေထဲက တစ်ခုဖြစ်ပြီး စိတ်အာရုံစူစိုက်မှု ပိုကောင်းရေး ၊ စိတ်ဖိစီးမှု လျှော့ချရေး ၊ စိတ်ဒဏ်ရာတွေ သက်သာရေး ၊ ဂရုဏာထားမှုနဲ့ ကိုယ်ခံအားကျန်းမာရေးတွေပေါ် အဓိက ဦးတည်ထားပါတယ်။ Healthy Minds Program ကို ဝစ္စကွန်ဆင်- မက်ဒီဆင်တက္ကသိုလ် စိတ်ကျန်းမာရေး သုတေသနစင်တာ တည်ထောင်သူ အာရုံကြောသိပ္ပံပညာရှင် ဒေါက်တာရစ်ချတ် ဒေးဗစ်ဆင်က တည်ထောင်ထားပါတယ်။
ဒီ App မှာ အာရုံကြောသိပ္ပံနဲ့ သုတေသနအခြေပြု တရားထိုင်မှုနည်းစနစ်တွေလည်း ထည့်သွင်းထားပါတယ်။ Healthy Minds Program app ဟာ နိုးကြားမှု ၊ ဆက်သွယ်ခြင်း ၊ ထိုးထွင်းမြင်သိမှုနဲ့ ရည်စူးချက်ဆိုတဲ့ အဓိကအချက်ကြီး ၄ ချက်ကို အခြေခံပြီး ပရိုဂရမ်ရေးထားတဲ့ App ဖြစ်ပါတယ်။ အသံသွင်း podcast စတိုင် App ဖြစ်ပြီး ပုံမှန် တရားထိုင်လမ်းညွှန်မှုတွေထက် ထိုးထွင်းစဉ်းစားမှုဘက်ကို ပိုအားပေးပါတယ်။
တရားထိုင်နည်း လမ်းညွှန် ရှာနေသူတွေအတွက်လည်း နိုးကြားမှု နဲ့ သိမြင်စွမ်း တက်လာအောင် နည်းလမ်းတွေ မျှဝေထားပါတယ်။ Free App ပဲ ဖြစ်ပြီး Android နဲ့ iOS ပလက်ဖောင်းနှစ်မျိုးစလုံးမှာ ရယူနိုင်မှာ ဖြစ်ပါတယ်။
Share