Silicon Valley ကိုရော ကမ္ဘာကြီးကိုပါ ထာဝရပြောင်းလဲစေတဲ့ အရွေ့ကို ဦးဆောင်နိုင်စွမ်းရှိသူ ထိပ်တန်းနည်းပညာစွန့်ဦးတီထွင်သမား ၅ ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆီလီကွန်တောင်ကြားဆိုရင် ကမ္ဘာပေါ်က အကျော်ကြားဆုံး နည်းပညာစွန့်ဦးတီထွင်သူတွေ မွေးဖွားရာအောင်မြေတစ်ခုလိုကို လူတွေသိကြပါတယ်။ ကယ်လီဖိုးနီးယားမြောက်ပိုင်း ဆန်ဖရန်စစ္စကို Bay Area တောင်ပိုင်းဒေသမှာ ရှိတဲ့ Silicon Valley ကို နည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ Global Center အဖြစ် အသိအမှတ်ပြုထားပါတယ်။ 


ဆီလီကွန်တောင်ကြားက ဉာဏ်ကျယ်တွေရဲ့ အမြင်ဟာ တစ်ကမ္ဘာလုံးကို ဩဇာလွှမ်းခြုံခဲ့သလို သူတို့ရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ရှာဖွေဖော်ထုတ်မှုတွေက လူသားတစ်ရပ်လုံးရဲ့ နေထိုင်တွေးခေါ်မှုပုံစံကိုပါ ပြောင်းလဲစေနိုင်တယ်ဆိုရင် လွန်ရာကျမယ် မထင်ပါဘူး။ ကမ္ဘာကြီးရဲ့ နည်းပညာလားရာကို လှမ်းကြည့်ဖို့ဆို ဆီလီကွန်တောင်ကြားက အထင်ကရနည်းပညာစွန့်ဦးသမားတွေရဲ့ မှန်ပြောင်းကို ခဏငှားကြည့်ရမယ်လို့တောင် ပြောရမလို ဖြစ်နေပါတယ်။




ဒီတစ်ခေါက်မှာတော့ Silicon Valley ကိုရော ကမ္ဘာကြီးကိုပါ ထာဝရပြောင်းလဲစေတဲ့ အရွေ့ကို ဦးဆောင်နိုင်စွမ်းရှိသူ ထိပ်တန်းနည်းပညာစွန့်ဦးတီထွင်သမား ၅ ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 


(၁) စတိဗ်ဂျော့စ်

Photo: Macrumors

ကမ္ဘာကြီးကတော့ ကွယ်လွန်သူ Apple CEO ဟောင်း စတိဗ်ဂျော့စ်ကို မေ့ရတော့မှာ မဟုတ်ပါဘူး။ လူတွေရဲ့စိတ်ထဲမှာ စတိဗ်ဂျော့စ်ကို အအောင်မြင်ဆုံးနည်းပညာအမြင် ရှိသူတစ်ဦး ၊ တီထွင်သူ ၊ ဒီဇိုင်နာနဲ့ စွန့်ဦးတီထွင်သမားတစ်ဦးအဖြစ် အမှတ်ရနေမှာ မလွဲပါဘူး။


စတိဗ်ဂျော့စ်ရဲ့ပဲ့ကိုင်မှုအောက်မှာ Apple ဟာ ခေတ်ရှေ့ပြေး ဆန်းသစ်တီထွင်မှုရှိတဲ့ Macintosh ၊ iPhone နဲ့ iPad လို ထုတ်ကုန်တွေ ဆက်တိုက်ထုတ်ခဲ့ပါတယ်။ ဒီထုတ်ကုန်တွေဟာ ခေတ်သစ်နည်းပညာဆင့်ကဲဖွံ့ဖြိုးခြင်းကို ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့တဲ့ ထုတ်ကုန်တွေလည်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ် Apple ကနေ ထွက်ခဲ့ရချိန်မှာ စတိဗ်ဂျော့စ်ဟာ Star Wars ဒါရိုက်တာ ဂျော့ခ်ျလူးကပ်စ်ဆီကနေ အန်နီမေးရှင်းကုမ္ပဏီတစ်ခုကို ဝယ်ခဲ့ပါတယ်။


ဒီကုမ္ပဏီဟာ နောက်ပိုင်းမှာ Pixar Animation Studios လို့ ဖြစ်လာခဲ့ပြီး ဂျော့စ်ဟာ ဒီကုမ္ပဏီမှာ သူ့ပိုင် ဒေါ်လာသန်း ၅၀ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ Pixar Animation Studios ကနေ ပထမဆုံး 3D ကွန်ပျူတာအန်နီမေးရှင်းနဲ့ ဖန်တီးထားတဲ့ Toy Story ရုပ်ရှင် ၊ Finding Nemo နဲ့ The Incredibles တို့လို အကျော်ကြားဆုံးကာတွန်းရုပ်ရှင်တွေ ထုတ်ပြီး အသားတင် ဒေါ်လာ ၄ ဘီလျံကျော် မြတ်ခဲ့ပါတယ်။ 


၁၉၉၇ မှာ Apple CEO ပြန်ဖြစ်လာခဲ့ပြီး ဒေဝါလီခံရတော့မယ့် Apple ကို ကယ်တင်ခဲ့ပါတယ်။ အလွန်ထူးချွန်တဲ့ ဒီဇိုင်နာ ဂျွန်နီအိဗ်လို ပုဂ္ဂိုလ်နဲ့ တွဲပြီး Think Different ကြော်ငြာကမ်ပိန်းနဲ့အတူ နည်းပညာသမိုင်းမှာ အထူးခြားဆုံးထုတ်ကုန်တွေ ဖြစ်တဲ့ iMac ၊ iTunes ၊ iTunes Store ၊ Apple Store ၊ iPod ၊ iPhone ၊ iPad စတဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ချပြနိုင်ခဲ့ပါတယ်။ 


ဒေါ်လာ ၁၀ ဘီလျံကျော် ချမ်းသာတဲ့ ဘီလျံနာတစ်ဦးအဖြစ် နေထိုင်ခဲ့ပြီး အသက် ၅၆ နှစ်အရွယ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ ကာလရှည် ခံစားနေရတဲ့ ပန်ကရိယကင်ဆာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ နည်းပညာလောကအတွက် အထင်ကရ Genius တစ်ဦး ကွယ်လွန်ခြင်းလည်း ဖြစ်ပါတယ်။ 


(၂) ဒန်နီယယ်အဲ့ခ်


Photo: Money

Music Streaming လောကမှာ Spotify ကို ထိပ်ဆုံးက ထားပြောရပါတယ်။ ဓနအင်အားအပြတ်သာပြီး အတော်ဆုံးအိုင်တီသမားတွေ ခေါ်ထားနိုင်ခဲ့တဲ့ Amazon ၊ Apple နဲ့ Google တို့လို Tech Giant ကုမ္ပဏီကြီးတွေရဲ့ ရှေ့ကပြေးပြီး Spotify ကို အကောင်းဆုံး Music Streaming Platform ဖြစ်အောင် ပုံဖော်ခဲ့သူက ဆွီဒင်လူမျိုး ဘီလျံနာနဲ့ နည်းပညာရှင် ဘီလျံနာ ဒန်နီယယ်အဲ့ခ်ပဲ ဖြစ်ပါတယ်။ 


ဒန်နီယယ်အဲ့ခ်ဟာ Spotify ကုမ္ပဏီကို စထောင်ပြီး ၂ နှစ်တည်းနဲ့ ဒေါ်လာ ၄ ဘီလျံလောက်တန်တဲ့ လုပ်ငန်းဖြစ်အောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။လက်ရှိ ဈေးကွက်တန်ဖိုးနဲ့ဆို Spotify က ဒေါ်လာ ၂၇ ဘီလျံတန်ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ Spotify ကို ဒေါ်လာ ၄၃.၄ ဘီလျံပေးဝယ်မယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ 


စွန့်ဦးတီထွင်ဆိုတဲ့အတိုင်း Music Industry မှာ အဆင့်အတန်းရှိတဲ့ တရားဝင်အွန်လိုင်းသီချင်းဂီတဝန်ဆောင်မှုကို ဦးဆောင်ခဲ့သလို ဒီပလက်ဖောင်းကိုလည်း လစဉ် လူသန်းပေါင်း ၃၅၀ ကျော် သုံးချင်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မှတ်သားစရာတစ်ခုက ဒန်နီယယ်အဲ့ခ်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက Entrepreneur လုပ်လာသူ ဖြစ်ပြီး အသက် ၂၃ နှစ်မှာ ကိုယ့်ဒူးကိုယ်ချွန်မီလျံနာဖြစ်လာခဲ့သူ ဆိုတာပါပဲ။



(၃) မတ်ခ်ဇူကာဘတ်ခ်


Photo: CNBC

Facebook ဆိုရင် လူတိုင်း သိကြပြီးသားပါ။ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကုမ္ပဏီကြီးဖြစ်တဲ့ Facebook ကို မတ်ခ်ဇူကာဘတ်ခ်ဟာ အသက် ၂၀ အရွယ် ကောလိပ်ကျောင်းသားဘဝမှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ဟားဗတ်က ကျောင်းမပြီးခင်ထွက်ပြီး Facebook ကို ဖြန့်ချိခဲ့ပါတယ်။ ကြားခဲ့ရတဲ့ ကောလာဟလတွေအရ မတ်ခ်ဟာ ဟားဗတ်ကျောင်းသားတွေ တည်ဆောက်ထားတဲ့ Harvard Connection ဆိုတဲ့ ပရောဂျက် ဉာဏမူပိုင်ခွင့်ကို ခိုးပြီး Facebook မှာ သုံးခဲ့တယ်ဆိုတာပါပဲ။


ကျောင်းမှာ နာမည်ကြီးတဲ့ ဝင်ကယ်လ်ဗော့စ်ညီအစ်ကိုတွေဟာ သူတို့ရဲ့ ConnectU အိုင်ဒီယာကို ခိုးတယ်ဆိုပြီး မတ်ခ်ဇူကာဘတ်ကို ၂၀၀၄ မှာ တရားစွဲခဲ့ပါတယ်။ ၂၀၀၈ မှာ တရားနိုင်တာကြောင့် Facebook ဆီက ရှယ်ယာနဲ့ ငွေသား ဒေါ်လာ ၆၅ သန်းကို လျော်ကြေးရခဲ့ပါတယ်။ ဒီလို သမိုင်းတွေရှိပေမယ့် မတ်ခ်ဇူကာဘတ်ကြောင့် Facebook ဟာ လူသန်းပေါင်း ၂၈၀၀ ကျော် သုံးတဲ့ ပလက်ဖောင်း ဖြစ်လာသလို ဒီပလက်ဖောင်းကြောင့် လူတွေရဲ့ နေထိုင်မှုပုံစံ ၊ စီးပွားရေးလမ်းကြောင်းနဲ့ ဆက်သွယ်ရေးနည်းနာသစ်တွေ ထွက်လာခဲ့တာပါ။


နိုင်ငံရေးမှာ Facebook Users တွေရဲ့ ဒေတာတွေ အသုံးချခံ ဖြစ်ရတဲ့ ကိစ္စတွေအပြင် အချက်အလက် ပေါက်ကြားမှုတွေ ၊ သတင်းအချက်အလက်အမှား ဖြန့်ဖြူးမှုတွေ၊ အကောင့်တုပြဿနာတွေနဲ့ ထွေးလုံးရစ်ပတ် ရုန်းကန်နေရပေမယ့် Facebook ကို တကယ်တမ်း ပစ်ပယ်လို့မဖြစ်အောင် လူ့အဖွဲ့အစည်းမှာ ဒီ Social Media ပလက်ဖောင်းက အသားကျနေပြီ ဖြစ်ပါတယ်။ 


(၄) ဘရိုင်ယန် ချက်စ်ကီ


Photo: Reuters

၂၀၀၇ မှာ ဘရိုင်ယန် ချက်စ်ကီဟာ Airbnb ကို ထောင်ခဲ့ပါတယ်။ Airbnb ဆိုတာ ခရီးသွားတွေအတွက် အွန်လိုင်းကနေ ဘွတ်ကင်တင်ပြီး အခန်းတွေ ငှားနိုင်မယ့်ဝန်ဆောင်မှု ဖြစ်ပါတယ်။ Airbnb ကို စထောင်ဖြစ်တဲ့ အကြောင်းက ချက်စ်ကီနဲ့ သူ့အခန်းဖော်တွေဟာ သူတို့နေတဲ့ တိုက်ခန်းကို အငှားချဖို့ လုပ်ရာကနေ အိုင်ဒီယာရလာတာပါ။ နောက်တော့ ဒီအိုင်ဒီယာဟာ ၂၀၀၈ မှာ Y Combinator မှာ ရံပုံငွေရပြီး လုပ်ငန်း ထောင်ဖြစ်တာပါ။


Airbnb ဟာ ဥရောပနိုင်ငံတွေမှာလည်း ရုံးတွေ ဖွင့်ထားပါတယ်။ ၂၀၁၅ မတ်လမှာ ဒီလုပ်ငန်းရဲ့ တန်ဖိုးက ဒေါ်လာ ဘီလျံ ၂၀ ရှိပါတယ်။ ချက်စ်ကီကိုလည်း Forbes မဂ္ဂဇင်းရဲ့ အသက် ၄၀ အောက် အမေရိကရဲ့ အချမ်းသာဆုံး စွန့်ဦးတီထွင်သူစာရင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ ၂၀၁၅ အတွက် TIME ရဲ့ဩဇအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ မှာလည်း ချက်စ်ကီပါဝင်ခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က တစ်ကမ္ဘာလုံးကို ရိုက်ခတ်သွားတဲ့ COVID-19 ကပ်ရောဂါဘေးအတွင်းမှာ ခရီးသွားလာမှု ရပ်ဆိုင်းသွားတာကြောင့် ဘွတ်ကင်ခ်တင်တာတွေ သိသိသာသာ ထိုးကျသွားခဲ့သလို ကုမ္ပဏီရဲ့ လုပ်ငန်းတန်ဖိုးဟာလည်း ဒေါ်လာ ၃၁ ဘီလျံခန့်ကနေ ဒေါ်လာ ၂၆ ဘီလျံအထိ ကျဆင်းသွားခဲ့ပါတယ်။ Airbnb ရဲ့ CEO နဲ့ တည်ထောင်သူ ချက်စ်ကီဟာ အသားတင်ဒေါ်လာ ၁၄.၇ ဘီလျံ ချမ်းသာပါတယ်။ 


(၅) ထရာဗစ် ကလန်နစ်ခ်


Photo: Business Insider

ကမ္ဘာ့အအောင်မြင်ဆုံး Ride-Hailing App တစ်ခု ဖြစ်တဲ့ Uber ကို အမေရိကန်စွန့်ဦးတီထွင်သူ ထရာဗစ်ကလန်နစ်ခ်က တည်ထောင်ခဲ့ပါတယ်။ စမတ်ဖုန်းနည်းပညာ ၊ Cloud Computing နဲ့ ပထဝီတည်နေရာတွေရဲ့ စွမ်းအားကို ကောင်းကောင်း အသုံးချပြီး ကားအငှားဝန်ဆောင်မှုလောကကို ပြောင်းလဲစေမယ့် နည်းပညာသစ်ကို စတင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၉ မှာ Uber ကို စတည်ထောင်ချိန်က ကား ၃ စီးပဲ ငှားခဲ့ရပြီး နောက် ၃ နှစ်အကြာ ၂၀၁၂ ခုနှစ်မှာ Uber ဟာ နိုင်ငံပေါင်း ၆၆ နိုင်ငံ နဲ့ မြို့ပေါင်း ၃၆၀ ကျော်မှာ လုပ်ငန်းတွေ တိုးချဲ့နိုင်တဲ့အထိ တဟုန်းထိုး အောင်မြင်ခဲ့ပါတယ်။


ကုမ္ပဏီအင်အားကြီးလာတာနဲ့အတူ လုပ်ငန်းအတွင်းမှာလည်း အရှုပ်တော်ပုံတွေ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ လိင်စော်ကားခံရမှုနဲ့ ကျား/မခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်တွေက Uber ကုမ္ပဏီကို ကပြောင်းကပြန် ပြိုလဲစေတဲ့အထိ ထိုးနှက်ခဲ့ပါတယ်။ နောက်တော့ Uber ကို တည်ထောင်ချိန်ကတည်းက ပါလာတဲ့ ဝါရင့်လုပ်ငန်းခေါင်းဆောင်တွေ နှုတ်ထွက်ခဲ့သလို ကလန်နစ်ခ်ကိုယ်တိုင်လည်း ရာထူးက ဆင်း ၊ အလုပ်က ထွက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။


Uber အကြောင်းက သင်ယူစရာတွေ သိပ်များပါတယ်။ ခေတ်ကောင်းစဉ်က Uber ရဲ့ စီးပွားရေးမော်ဒယ်ကို အကြောင်းပြုပြီး Uberisation ဆိုတဲ့ စီးပွားရေးအသုံးအနှုန်းပါ ကျော်ကြားခဲ့သလို နောက်ပိုင်းမှာ ကြုံခဲ့ရတဲ့ အရှုပ်အထွေးတွေကြောင့် စီးပွားရေးအကျဘက်ကို ဦးတည်လာခဲ့တာကလည်း သင်ခန်းစာတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က