တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခြုံကြည့်မယ်ဆိုရင် နည်းပညာနယ်ပယ်ဟာ ဘီလျံနာအများဆုံး မွေးထုတ်နေတဲ့ စီးပွားရေးနယ်ပယ်တစ်ခု ဖြစ်လို့ ဒီနယ်ပယ်နဲ့ အသက်မွေးတဲ့သူတွေဟာ ထိပ်တန်းလစာ ရကြတာ မဆန်းပါဘူး။ နည်းပညာကုမ္ပဏီတွေကို ဦးဆောင်နေရတဲ့ အမှုဆောင်အရာရှိချုပ် CEO တွေရဲ့ လစာကလည်း ကမ္ဘာ့ထိပ်တန်း လစာစာရင်းမှာ ပါပါတယ်။
ဒီထဲကမှ ကမ္ဘာပေါ်က လစာအမြင့်ဆုံး နည်းပညာ CEO တွေက ဘယ်သူတွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။ Bloomberg ရဲ့ ၂၀၁၉ အတွက် လစာအမြင့်ဆုံး အမေရိကန် CEO စာရင်းကို ကိုးကားပြီး ပြောပြချင်ပါတယ်။
(၁) အီလွန်မတ်စ်
Photo: Mouv
အီလွန်မတ်စ်ဟာ Tesla တည်ထောင်သူလည်း ဖြစ် ၊ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်ပါတယ်။ Tesla ရဲ့ ထုတ်ကုန်ဒီဇိုင်း ၊ Engineering ပိုင်း နဲ့ လျှပ်စစ်ယာဉ်တွေ ၊ ဘက်ထရီနဲ့ နေစွမ်းအင်သုံးထုတ်ကုန်တွေ ထုတ်လုပ်ရေး ဘက်မှာလည်း သူပဲ ဦးဆောင်တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Bloomberg ရဲ့ Top Salaries in 2019 list မှာ အီလွန်မတ်စ်ရဲ့တစ်နှစ်လုပ်ခ လစာကို ဒေါ်လာ ၅၉၅.၃ သန်း ရှိတယ်လို့ ဆိုပါတယ်။
Forbes ရဲ့ ဝင်ငွေခန့်မှန်းချက်မှာတော့ မတ်စ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဒေါ်လာ ၁၁ ဘီလျံအထိ ရခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၈ တုန်းကလည်း သူဟာ Tesla ဆီကနေ တစ်နှစ်လုပ်အားခအဖြစ် ဒေါ်လာ ၂.၃ ဘီလျံအထိ ရခဲ့ဖူးပါတယ်။ တခြား CEO တွေ ကို တစ်နှစ်ကို ဒေါ်လာသန်း ရာဂဏန်းနီးပါး ရှာနိုင်ချိန်မှာ သူကတော့ ဘီလျံနဲ့ချီ ရှာနိုင်တယ်လို့တောင် ဆိုရမှာပါ။
(၂) ဆွန်ဒါပီချိုင်း
Photo: Lapresse
အိန္ဒိယလူမျိုး Google CEO ဆွန်ဒါပီချိုင်းဟာ Alphabet Inc ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်လာပြီးနောက် အရင်အခြေခံလစာ ဒေါ်လာ ၆၅၀၀၀၀ ကနေ ၃ ဆကျော်တိုးပြီး ၃ ဆကျော် တိုးပြီး ဒေါ်လာ ၂.၀၂ သန်းအထိ ရခဲ့သလို နှစ်စဉ်ဆုကြေးကလည်း ဒေါ်လာသန်းရာနဲ့ချီ ရခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ နှစ်စဉ်ဆုကြေးအနေနဲ့ ပီချိုင်းဟာ စုစုပေါင်း သန်း ၂၈၀.၆ သန်းကျော် ရခဲ့တာကြောင့် အမေရိကန်ရဲ့ အကြီးဆုံးအများပိုင်ကုမ္ပဏီတစ်ခုရဲ့ CEO ထဲမှာ လစာအများဆုံးလို့တောင် ပြောရမှာပါ။
ဒေါ်လာသန်း ၂၈၀.၆ သန်းကျော်ထဲက ၂၇၇ သန်းဟာ ၂၀၁၉ ဒီဇင်ဘာက Alphabet မှာ CEO ဖြစ်လာပြီးတဲ့နောက် ရာထူးတိုးမှုနဲ့အတူ ရှယ်ယာချီးမြှင့်ငွေကနေ ရလာတာပါ။ Alphabet ဟာ ပီချိုင်းကို Personal Security ကြေးအနေနဲ့လည်း ဒေါ်လာ ၅.၄ သန်း ချီးမြှင့်ပေးထားပါတယ်။ ဆွန်ဒါပီချိုင်းဟာ ၂၀၁၅ ခုနှစ်မှာ Alphabet လက်အောက်ခံ Google မှာ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး လက်ရှိမှာ Google ရော Alphabet ကိုပါ CEO အဖြစ် ကိုင်တွယ်တာဝန်ယူနေပါတယ်။
(၃) တင်မ်ကွတ်ခ်
Photo: BR Atsit
Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်ကတော့ ကိုယ်ပိုင်ကုမ္ပဏီမရှိတဲ့ ဘီလျံနာတစ်ဦး ဖြစ်ပါတယ်။ Apple ကို ဒေါ်လာ ၂ ထရီလီယံတန် လုပ်ငန်းဖြစ်အောင် အဓိကပုံဖော်ခဲ့တဲ့ သူဟာလည်း လစာအမြင့်ဆုံးရတဲ့ နည်းပညာ CEO တစ်ဦးဖြစ်ပါတယ်။ Apple ဆီ ရောက်မလာခင်ကတည်းက ကွတ်ခ်ဟာ ဆယ်စုနှစ်တစ်ခုကြာအောင် နည်းပညာလောကမှာ ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။
Bloomberg သတင်းအရ ၂၀၁၉ မှာ စတော့ခ်ချီးမြှင့်ငွေကနေ တင်မ်ကွတ်ခ်ဟာ ဒေါ်လာ ၁၃၃.၇ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရင်နှစ်ကလည်း သူဟာ ဒေါ်လာ ၁၂၂ သန်းကျော် ဆုကြေးချီးမြှင့်ခံခဲ့ရဖူးပါတယ်။
(၄) ရောဘတ်ဆွမ်း
Photo; fortune
Intel ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ရောဘတ်ဆွမ်းဟာ ၂၀၁၉ ခုနှစ်ထဲမှာ စုစုပေါင်း ဒေါ်လာ ၆၇ သန်း ရခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကထက် ၃ ဆကျော်ရခဲ့တာပါ။ ၂၀၁၉ မှာ သူရခဲ့တဲ့ ဆုချီးမြှင့်ငွေရဲ့ ၉၂ % ဟာ စတော့ခ်ချီးမြှင့်မှု ဖြစ်ပြီး လစာ ဒေါ်လာ ၁.၂ သန်း ၊ စွမ်းဆောင်ရည်အတွက် ချီးမြှင့်မှုက ဒေါ်လာ ၃.၇ သန်း အပြင် တခြားဒေါ်လာ ၃ သိန်းကျော်လည်း ရရှိခဲ့တာပါ။
ရောဘတ်ဆွမ်းဟာ ၂၀၁၉ ဇန်နဝါရီကနေ ၂၀၂၁ ဖေဖော်ဝါရီအထိ Intel ကော်ပိုရေးရှင်းမှာ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ Intel မှာ CEO အဖြစ် ခန့်အပ်ခြင်း မပြုခင်က သူဟာ Intel ရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်လည်း ဖြစ်ပါတယ်။
(၅) ဆတ္တရာ နာဒဲလာ
Photo: Les Echos
Microsoft ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဟာ ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၄၄.၃၂ သန်း ရှာနိုင်ခဲ့ပါတယ်။ သူ့ကို ချီးမြှင့်ထားတဲ့ စတော့ရှယ်ယာတန်ဖိုးအတိုင်း ရခဲ့တာ ဖြစ်ပါတယ်။ ဒီအရင်နှစ်နှစ်အတွင်းမှာ Microsoft ရဲ့ ရှယ်ယာဈေးဟာ နှစ်ဆကျော် ခုန်တက်သွားခဲ့ပါတယ်။ ပုံမှန် သူ့လစာဟာ ဒေါ်လာ ၂.၅ သန်း ဖြစ်ပြီး စတော့ခ်ချီးမြင့်ငွေ ၃၀.၇၂ သန်း ၊ ငွေသားဆုကြေး ဒေါ်လာ ၁၁ သန်း ခန့် ရခဲ့တာပါ။
နာဒဲလာဟာ Microsoft ရဲ့ ဝါရင့်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၁၉၉၂ ကတည်းက ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တာ ဖြစ်ပါတယ်။ Microsoft ရဲ့ CEO အဖြစ်ကိုတော့ ၂၀၁၄ ခုနှစ်မှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ သူရခဲ့တဲ့ လုပ်ခလစာပမာဏဟာ စုစုပေါင်း ဒေါ်လာ ၄၂.၉ သန်းကျော် ရှိခဲ့ပါတယ်။
Share