ကမ္ဘောဒီးယားနိုင်ငံမှာ အထည်ချုပ်နဲ့ ဖိနပ်ချုပ်စက်ရုံလုပ်သားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ တိုးမြှင့်ကာ ၁၉၄ ဒေါ်လာအဖြစ် ယနေ့ (စက်တင်ဘာ ၂၈ ရက်) သတ်မှတ်လိုက်ပြီး လာမယ့်နှစ် ဇန်နဝါရီလမှာ စတင်သက်ရောက်မှာဖြစ်ပါတယ်။
အလုပ်သမားသမဂ္ဂတွေက အနိမ့်ဆုံးလစာကို ၁၂ ဒေါ်လာတိုးမြှင့်ပေးရန် အရေးဆိုခဲ့ကြပေမဲ့ ကမ္ဘောဒီးယားအစိုးရက ၂ ဒေါ်လာသာ တိုးမြှင့်သတ်မှတ်ခြင်းအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ ကမ္ဘောဒီးယားအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကုန်ကျစရိတ်ထိန်းထားရေးနဲ့ လုပ်သား ၇၀၀,၀၀၀ ကို ကိုယ်စားပြုတဲ့ ဩဇာကြီး အလုပ်သမားသမဂ္ဂတွေရဲ့ ကျေနပ်မှုရှိစေရေးတို့ကို ဟန်ချက်ညီစေရန် စက်ရုံလုပ်သားတွေရဲ့ လုပ်ခလစာကိစ္စအပေါ် ကာလရှည်ကြာ သတိထား ကိုင်တွယ်နေခဲ့ရပါတယ်။
(Photo: Reuters)
ပြီးခဲ့တဲ့နှစ်အတွင်း အလုပ်သမားသမဂ္ဂတွေက လုပ်ခလစာကိစ္စ ဆန္ဒပြပွဲတွေ စီစဥ်ပြုလုပ်ခဲ့ကြဖူးပါတယ်။ COVID-19 ကပ်ရောဂါမဖြစ်မီက တစ်နှစ်လျှင် ဒေါ်လာ ၇ ဘီလီယံတန်တဲ့ အထည်ချုပ်လုပ်ငန်းဟာ ကမ္ဘောဒီးယားမှာ အကြီးဆုံးဖြစ်ပြီး ကျေးလက်ဒေသ မိသားစုတွေအတွက် အရေးပါတဲ့ ဝင်ငွေအထောက်အပံ့ ဖြစ်ခဲ့ပါတယ်။
သက်ဆိုင်သူတွေအားလုံး၊ အလုပ်ရှင်တွေနဲ့ အစိုးရကို အလုပ်သမားတွေရဲ့ လုပ်ခလစာ ထပ်တိုးပေးဖို့ဖြစ်နိုင်ခြေအပေါ် စဥ်းစားကြဖို့ ကျွန်တော် တောင်းဆိုပါတယ်
ကမ္ဘောဒီးယားနိုင်ငံမှာ H&M, Adidas, Nike နဲ့ Gap အပါအဝင် နာမည်ကြီး အမှတ်တံဆိပ်တွေရဲ့ အဝတ်အထည်နဲ့ ဖိနပ်တွေကို ချုပ်လုပ်ပေးနေတဲ့ လုပ်ငန်းအများအပြား ရှိနေပါတယ်။ ကမ္ဘောဒီးယားအစိုးရ အလုပ်သမားဝန်ကြီးဌာနက ယခု ကြေညာလိုက်တဲ့ လုပ်ခလစာတိုးမြှင့်သတ်မှတ်ချက်ကို အသက်ဝင်စေရန် ရုန်းကန်ရလိမ့်မယ်လို့ Collective Union Movement of Workers အဖွဲ့အစည်းရဲ့ ဥက္ကဌ Pav Sina တုံ့ပြန်ပါတယ်။
(Photo: Phnom Penh Post)
"သက်ဆိုင်သူတွေအားလုံး၊ အလုပ်ရှင်တွေနဲ့ အစိုးရကို အလုပ်သမားတွေရဲ့ လုပ်ခလစာ ထပ်တိုးပေးဖို့ဖြစ်နိုင်ခြေအပေါ် စဥ်းစားကြဖို့ ကျွန်တော် တောင်းဆိုပါတယ်" လို့ Pav Sina က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သို့သော် ကမ္ဘောဒီးယားအထည်ချုပ်လုပ်ငန်းရှင်များအသင်း Garment Manufacturers Association of Cambodia (GMAC) မှ အထွေထွေအတွင်းရေးမှူး Kaing Monika ကတော့ လုပ်ခလစာ တိုးမြှင့်မှုကြောင့် ထုတ်လုပ်မှုစရိတ် ကုန်ကျစရိတ်တွေပါ မြင့်တက်လာတဲ့ ပြဿနာဖြစ်စေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။
၂ ဒေါ်လာတိုးတာတောင်မှ အနုတ်လက္ခဏာသက်ရောက်မှု ဖြစ်လိမ့်မယ်
"၂ ဒေါ်လာတိုးတာတောင်မှ အနုတ်လက္ခဏာသက်ရောက်မှု ဖြစ်လိမ့်မယ်" လို့ Kaing Monika က Reuters သတင်းဌာနကို ပြောပါတယ်။ အလုပ်ရှင်တွေဘက်က ပင်စင်ခံစားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလုပ်သမားတစ်ဦလျှင် တစ်လ ၄ ဒေါ်လာ ကျသင့်မယ့် ဆေးစစ်မှုအပါအဝင် COVID-19 ကာကွယ်ဆေး အစီအမံကိစ္စတွေမှာ ပိုမိုသုံးစွဲသွားမယ်လို့လည်း Kaing Monika က ဆိုပါတယ်။
(Photo: B2B Cambodia)
ယခုနှစ် ဧပြီလအထိ စာရင်းအချက်အလက်တွေအရ အထည်ချုပ်နဲ့ အထည်အလိပ်ဟာ ကမ္ဘောဒီးယားရဲ့ အဓိက ပြည်ပပို့ကုန် မဟုတ်တော့ဘဲ စိုက်ပျိုးရေးထုတ်ကုန်နဲ့ အခြား ထုတ်ကုန်သစ်တွေကို ပိုမိုတင်ပို့လာရပါတယ်။ အမေရိကန်မှာ အခွန်မဆောင်ရတဲ့ ကမ္ဘောဒီးယားနိုင်ငံထုတ် ခရီးဆောင်အိတ်ကဲ့သို့ ထုတ်ကုန်ပစ္စည်းတွေကို ပိုမိုတင်ပို့လာရတယ်လို့ ကမ္ဘာ့ဘဏ် (World Bank) ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။ ကမ္ဘောဒီးယားကနေ အမေရိကန်ဈေးကွက်ကို တင်ပို့နေတဲ့ ခရီးသွား ထုတ်ကုန်ပစ္စည်းတွေဟာ ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ ၃.၅ ဘီလီယံ ရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။