ကိုယ်ဝန်တားတော့မယ်ဆိုတဲ့သူတွေအနေနဲ့ ကိုယ်နဲ့ သင့်လျော်နည်းလမ်းကို ရွေးချယ်ကြမှာပါ။ အဲဒီနည်းလမ်းတွေထဲကမှ တားဆေးကဒ်သောက်သုံးမယ်လို့ ရွေးချယ်ထားသူတွေအတွက် တားဆေးကဒ်နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ဝေမျှပေးချင်ပါတယ်။

Photo: Medical News Today
ကိုယ်ဝန်တားဖို့ အလွယ်ဆုံးနည်းလမ်း
ကိုယ်ဝန်မရအောင် တားဆီးလို့ ရနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့အထဲကမှ တားဆေးကဒ်ဝယ်ပြီး မိမိဘာသာ သောက်သုံးတဲ့ နည်းလမ်းကတော့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ ကရိကထလည်း မများချင်ဘူး၊ ဘေးလူ အကူအညီလည်း မယူချင်ဘူးဆိုရင်တော့ တားဆေးကဒ်ဝယ်သောက်တဲ့ နည်းလမ်းကို အသုံးပြုစေချင်ပါတယ်။
တားဆေးကဒ်ကို ဘယ်ချိန်စသောက်သင့်သလဲ
တားဆေးကဒ်ကို စတင်သောက်ဖို့ အကောင်းဆုံးရက်ကတော့ ရာသီစလာပြီး ၃ရက်ကနေ ၅ရက်အတွင်းမှာ စတင်သောက်သုံးတာက အကောင်းဆုံးပါပဲ။ တကယ်လို့ ကိုယ်က အမျိုးသားနဲ့ လိင်ဆက်ဆံမှုမရှိသေးဘူးဆိုရင်လည်း ဘယ်အချိန်မှာ စသောက်သောက် သောက်လို့ ရပါတယ်။
အုပ်စုနှစ်မျိုးရှိတဲ့ တားဆေးကဒ်
တားဆေးကဒ်မှာ အုပ်စု နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းပါဝင်တဲ့ တားဆေးကဒ်ဖြစ်ပြီးတော့ နောက်တစ်မျိုးကတော့ ပရိုဂျက်စတင် ဟော်မုန်း ၊ အီစတိုဂျင်ဟော်မုန်း နှစ်မျိုးလုံးပါဝင်တဲ့ တားဆေးကဒ်ဖြစ်ပါတယ်။
Photo: Missouri Poisson Center
ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းပါဝင်တဲ့ တားဆေးကဒ်
ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းပါဝင်တဲ့ တားဆေးကဒ်ကတော့ နို့တိုက်မိခင်တွေအနေနဲ့ ကလေးမွေးပြီး ၄၅ ရက်ပြည့်တာကြောင့် တားဆေးစတင်သုံးစွဲတော့မယ်ဆိုရင် ကလေးကိုလည်း နို့တိုက်နေတုန်းဖြစ်တဲ့အတွက် နို့ထွက်နည်းမသွားအောင် ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းပါဝင်တဲ့ တားဆေးကို သောက်သုံးပေးရပါမယ်။ ကလေး ၄၅ ရက်ကနေ ၆လသားအရွယ်ရောက်တဲ့ အထိ သောက်သုံးပေးရပါမယ်။ သတိထားရမယ့်အချက်ကတော့
-အချိန်မှန်မှန် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
-သောက်သုံးဖို့ မေ့သွားခဲ့ရင် ကိုယ်ဝန်ရသွားတတ်ပါတယ်။
-ရာသီမမှန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
-နေ့စဉ်တစ်နေ့တစ်လုံး ပုံမှန် ကလေးဖြည့်စွက်စာကျွေးတဲ့ထိ သောက်ရပါတယ်။
ပရိုဂျက်စတင် ဟော်မုန်း ၊ အီစတိုဂျင်ဟော်မုန်း နှစ်မျိုးလုံးပါဝင်တဲ့ တားဆေးကဒ်
ဒီဆေးကိုတော့ နို့တိုက်မိခင်တွေနဲ့ ကလေးဖြည့်စွက်စာကျွေးတဲ့အရွယ် မိခင်တွေ မသောက်သုံးသင့်ပါဘူး။ သောက်သုံးတဲ့အခါ နို့ထွက်နည်းသွားတတ်ပါတယ်။
-တစ်နေ့တစ်လုံးသောက်ရမှာပါ။
-အချိန်တိကျစရာမလိုအပ်ပါ။
-၂၁ရက်လုံးသောက်ပြီး နောက်ဆေးကဒ်မသောက်ခင် ကြားကာလမှာ ရာသီလာလေ့ရှိပါတယ်။
-ရာသီလာလာ၊ မလာလာ၊ ရာသီပြီးပြီး၊ မပြီးပြီး သတ်မှတ်ထားတဲ့ရက်အတိုင်း ဆေးကဒ်အသစ်သောက်ပါ။
-ရာသီပုံမှန်လာတတ်ပါတယ်။
Photo: Topline
တားဆေးကဒ်စသောက်ချိန်မှာ ခံစားရတတ်တဲ့ လက္ခဏာများ
တားဆေးကဒ်တွေကတော့ စစချင်း သောက်ခါစမှာ မူးတာ၊ ရင်တုန်တာ ၊ အန်တာ စတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ မူးတာရင်တုန်တာကို သက်သာစေတဲ့ ဆေးတွေ သောက်သုံးလို့ရသလို (ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်ပါ) ညဘက်မှာ သောက်မယ်ဆိုရင်လည်း မူးတာ၊ ရင်တုန်တာတွေကို သက်သာစေပါတယ်။ များသောအားဖြင့်တော့ ဒီလက္ခဏာဟာ ဆေးသောက်ပြီး တစ်ပတ်၊ ဆယ်ရက်မှာ သက်သာသွားလေ့ရှိပါတယ်။
တားဆေးကတ်မှာ အရောင်တူ ဆေးလုံး ၂၁ လုံးက အာနိသင်အတူတူပါပဲ
တားဆေးကတ်မှာ ပထမ ၂၁ ရက်သောက်ရတဲ့ ဆေးလုံး ၂၁ လုံးက အာနိသင်အတူတူပဲမို့ ကိုယ် ခရီးထွက်တဲ့အခါ မမေ့အောင် အိတ်ထဲမှာ အဆင်သင့် ဆေးကတ်တစ်ကတ်ထည့်ပြီး ဆောင်ထားလို့ရပါတယ်။ မေ့ကျန်ခဲ့တယ်ဆိုရင်လည်း ရောက်တဲ့နေရာမှာ ဆေးကတ်တစ်ကတ်အသစ်ဝယ်ပြီး ဖောက်သောက်လိုက်ပါ။ အဓိကက ၂၁ လုံးပြည့်အောင် သောက်ဖို့ပါပဲ။
တစ်ရက်တည်း နှစ်ခါသောက်မိရင် ဘယ်လိုလုပ်မလဲ
တစ်ခါတရံမှာ အလုပ်များ ၊ အလုပ်ရှုပ်နေတာကြောင့် တားဆေးသောက်ဖို့မေ့တာ ၊ တားဆေးကို နှစ်ခါကျော့သောက်မိတာတွေ ဖြစ်တတ်ကြပါတယ်။ ဆေးတွေဟာ အာနိသင်တွေအတူတူဖြစ်တဲ့အတွက်ကြောင့် နှစ်ကျော့သောက်မိရင် မူးတာအန်တာ ပိုဖြစ်တာကလွဲလို့ ဘာပြဿနာမှမရှိပေမယ့် မေ့သွားရင်တော့ မကောင်းပါဘူး။ ဒါ့ကြောင့် မေ့သွားခဲ့ရင်လည်း သတိရရချင်း သောက်ဖို့လိုပါတယ်။ မနေ့က မသောက်မိလို့ ဆိုပြီး နှစ်လုံးပူးသောက်တာမျိုးတွေလည်း လုပ်စရာမလိုပါဘူး။ တစ်ရက်မေ့တာက မထိခိုက်ပေမယ့် နှစ်ရက် သုံးရက်သောက်ဖို့ မေ့ပြီဆိုရင်တော့ တားဆေးအာနိသင်ဟာ ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ နေ့စဉ်မှန်မှန်သောက်သုံးပေးဖို့ လိုပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များသည် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာငြိမ်းမိုးသော်မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။