PMS(Premenstrual syndrome) လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။

မိန်းကလေးတော်တော်များများဟာ ရာသီလာခါနီးချိန်တွေမှာ ထူးထူးခြားခြား စိတ်ခံစားချက်များတာ ၊ စိတ်တိုဒေါသထွက်တာ ၊ ဝမ်းနည်းတာတွေ ခံစားတတ်ကြလေ့ရှိပါတယ်။ ဒါတွေဟာ ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာကို ဒီနေ့မှာ ပြောပြသွားမှာဖြစ်ပါတယ်။

ရာသီစက်ဝိုင်းတစ်ခုမှာ ဖြစ်လေ့ရှိတဲ့ ပြောင်းလဲချက် 

အမျိုးသမီးတွေဟာ ရာသီမလာခင်မှာ စိတ်တိုတယ်၊ ဒေါသထွက်တယ်၊ မျိုးစုံပြောင်းလဲမှုတွေရှိပါတယ်၊ ဒါကို Premenstrual syndrome (ရာသီမလာခင်ဖြစ်တတ်တဲ့ လက္ခဏာစု) လို့ခေါ်ပါတယ်။ 



PMS(Premenstrual syndrome) ဖြစ်တတ်တဲ့အမျိုးသမီးများ 

Photo: Credihealth

PMS ဟာ အမျိုးသမီး ၁၀ယောက်မှာ ၃ယောက် ၊ ၄ယောက်လောက်က ဖြစ်တတ်လေ့ရှိပြီးတော့ ၂ယောက်လောက်ကတော့ အရမ်းဆိုးရွားတဲ့ အခြေအနေထိရှိကာ ကုသမှုထိလိုအပ်တဲ့သူတွေလည်း ရှိပါတယ်။ 

PMS ဘာ့ကြောင့်ဖြစ်သလဲ 

PMS ဘာ့ကြောင့်ဖြစ်ရသလဲဆိုတာကို ယေဘုယျအားဖြင့်တော့ အဖြေရှာလို့ မရပါဘူး။ အမျိုးသမီးတစ်ယောက်ဟာ လေးပတ်မှာ တစ်ခါ ရာသီလာလေ့ရှိပြီး ပထမနှစ်ပတ်မှာ အင်စထရိုဂျင်ဆိုတဲ့ ‘မ’ဟော်မုန်းထွက်ပြီး သားဉကြွေဖို့ စတင်ပြင်ဆင်ပါတော့တယ်။ နှစ်ပတ်ကျော်သွားတဲ့နောက်မှာတော့ သားဉကြွေပြီး ပရိုဂျက်စတုန်းဆိုတဲ့ ဟော်မုန်းထွက်လာကာ သားအိမ်နံရံတွေကို ပြုပြင်ပေးပါတယ်။ ဒီလို ဟော်မုန်းနှစ်ခု ပြောင်းလဲမှုတွေကြောင့် အခုလို PMS ဖြစ်လာရတယ်လို့ ဆေးပညာရှင်တွေက ယူဆကြပေမယ့် ဒီပြောင်းလဲမှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအရာတွေပါပါဝင်ပါတယ်လို့ သိရပါတယ်။ 

PMS ရဲ့ လက္ခဏာရပ်များ 

Photo: SehatQ

PMS ဟာ ခေါင်းကိုက်ခြင်း ၊ ခေါင်းချွေးထွက်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဆတ်ခြင်း ၊ အိပ်မပျော်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ကြွက်တက်ခြင်း ၊ ဗိုက်တင်းခြင်းစတဲ့ လက္ခဏာရပ်တွေ ဖြစ်ပေါ်ခံစားတတ်ကြပါတယ်။ 

PMS  ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ 

ရာသီမလာခင် ဒုတိယနှစ်ပတ်မှာ အထက်က လက္ခဏာတွေ ခံစားရပြီး ရာသီလာချိန်မှာ ပျောက်ကင်းသွားတယ်ဆိုရင် ဒါကို PMS  လို့ သတ်မှတ်လို့ ရပါတယ်။ 

ကုသဖို့ လိုအပ်ပါသလား 

ရာသီလာတဲ့အချိန်မှာ အဲဒီဟော်မုန်းတွေဟာ ပျောက်သွားတဲ့အတွက်ကြောင့် PMS က သူ့အလိုလို ပျောက်ကင်းသွားပါတယ်။ တချို့တွေမှာတော့ PMS ခံစားနေရတဲ့အချိန်အတွင်းမှာပဲ ဒေါသကြီးပြီး တခြားသူကို သတ်ချင်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်ချင်တာမျိုးထိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက် PMS ဖြစ်နေချိန်မှာ ပတ်ဝန်းကျင်၊ သူငယ်ချင်း ၊ လက်တွဲဖော်တို့က နားလည်ဖေးမနှစ်သိမ့်ပေးရပါမယ်။ အရမ်းဆိုးရွားလာရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးကုသဖို့ လိုအပ်ပါတယ်။ 

ဝေဒနာသက်သာအောင် ဘာလုပ်ကြမလဲ 

PMS ခံစားရတဲ့ အမျိုးသမီးတွေအနေနဲ့ ကျန်းမာတဲ့နေထိုင်မှုပုံစံကို ပြောင်းလဲရယူပါ၊ ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်ခန့် ပြုလုပ်ပါ ၊ အငန်လျှော့စားပါ၊ ဆေးလိပ်နဲ့ အရက်ရှောင်ပါ၊ နည်းနည်းနဲ့ ခဏခဏစားပါ၊ မိသားစုနဲ့ စကားစမြည်ပြောဆိုပါ၊ သီချင်းနားထောင်ပါ၊ တရားထိုင်ပါ။ ဒါတွေပြုလုပ်ပေးမယ်ဆိုရင်တော့ PMS သက်သာလာပါလိမ့်မယ်။ 

ကဲ ဒီလောက်ဆိုရင်တော့ ရာသီမလာခင်မှာ စိတ်ခံစားချက်တွေ မကြာခဏပြောင်းလဲတာ၊ စိတ်တိုစိတ်ဆိုးဒေါသကြီးနေတာ ၊ ဝမ်းနည်းအားငယ်တာတွေ ဘာ့ကြောင့်ဖြစ်သလဲဆိုတာကို သိသွားလောက်ပြီထင်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့လည်း PMS ခံစားရသက်သာအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုအပ်သလို အနီးကသူတွေအနေနဲ့လည်း အမျိုးသမီးတွေကို နားလည်ဖေးမပေးဖို့ အထူးလိုအပ်ပါတယ်။ 

သတင်းဆောင်းပါးပါအချက်အလက်များသည် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာမြတ်မြတ်ဝါမှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က