ပူတင်မကြိုက်တဲ့အလုပ်ကို အေဘရာမိုဗစ်ချ်က လုပ်သွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကို ရောင်းချဖို့ ကြေညာချက်ထဲမှာ ပါဝင်သွားတဲ့ စာကြောင်းတကြောင်းကြောင့် အေဘရာမိုဗစ်ချ်အနေနဲ့ နောက်ပိုင်းမှာ သူ့ရဲ့မွေးရပ်မြေ ရုရှားကို ပြန်ခွင့်ရနိုင်ဖွယ်မရှိတဲ့အကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးကို ပေါင် (၃) ဘီလီယံနဲ့ ရောင်းချမှာဖြစ်ပြီး အဲ့ဒီအတွက် ကြေညာတဲ့နေရာမှာ “ယူကရိန်းနိုင်ငံအတွင်းက စစ်ပွဲ” ဆိုတဲ့ စာသားကို ထည့်သွင်းသုံးနှုန်းခဲ့ပါတယ်။



ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲလာခဲ့တာက (၁၀) ရက်ဝန်းကျင်ကာလကို ရောက်ရှိလာခဲ့ပါပြီ။ ဒီကာလအတွင်းမှာ ရုရှားတို့ရဲ့ လုပ်ရပ်ကို ကမ္ဘာတဝန်းလုံးကသာမက နိုင်ငံအတွင်းရှိ ရုရှားပြည်သူတွေကပါ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ရုရှားလွှတ်တော်က နိုင်ငံတွင်း ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ခြင်း၊ သတင်းတုဖြန့်ဝေသူတွေကို ထောင် (၁၅) နှစ်နဲ့အထက် ဖမ်းဆီးထောင်ချမယ့်ဥပဒေပြဌာန်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

ဒါဟာ သတင်းအမှောင်ချဖို့ ကြိုးစားမှုတခုဖြစ်ပြီး နိုင်ငံအတွင်းက နာမည်ကျော်သတင်းဌာနတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်းကို “အထူးစစ်ဆင်ရေး” လို့ ခေါင်းစဥ်တပ်ကာ ကျူးကျော်တိုက်ခိုက်နေတာပါ။ “ကျူးကျော်စစ်” လို့ အသုံးပြုမှုတွေကို ပူတင်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး အေဘရာမိုဗစ်ချ်က ပူတင် မုန်းတီးတဲ့ အသုံးအနှုန်းကို ထည့်သွင်းကြေညာမိခဲ့တာဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ်ဟာ သူ့ရဲ့ကြေညာချက်ထဲမှာ “စစ်ပွဲ” လို့ ထည့်သွင်းသုံးနှုန်းခဲ့သလို ဒီမတိုင်ခင်ကလည်း ရုရှားနဲ့ပတ်သက်လို့ တခွန်းတလေမှမဟခဲ့တဲ့အပေါ်မှာ ဗြိတိန်မီဒီယာတွေက အေဘရာမိုဗစ်ချ်ကို မီးမောင်းထိုးဝေဖန်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ရုရှားပိုင်စီးပွားရေးလုပ်ငန်းတွေကို အပြင်းအထန် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နေပြီး အဲ့ဒါကြောင့်ပဲ အေဘရာမိုဗစ်ချ်က ချဲလ်ဆီးကို ရောင်းချခဲ့ရတာဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပေမယ့် အခု ယူကရိန်းအရေးမှာတော့ အေဘရာမိုဗစ်ချ်ရဲ့သမီးကိုယ်တိုင်က ပူတင်ကို ဆန့်ကျင်ကြောင်းပြသခဲ့သလို အခုတခါမှာလည်း အေဘရာမိုဗစ်ချ်ကိုယ်တိုင်က ပူတင်ကို ဒေါသထွက်အောင်လုပ်ခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ပူတင်တယောက် ရုရှားသမ္မတအဖြစ် ရှိနေစဥ် ကာလပတ်လုံး အေဘရာမိုဗစ်ချ်အနေနဲ့ ရုရှားကို ပြန်လို့မရတာမျိုး ဖြစ်လာနိုင်ပြီး သူ့အနေနဲ့ အစ္စရေးမှာသာ အဓိက အခြေစိုက် နေထိုင်သွားရဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က