ဘာစီလိုနာ ညာနောက်ခံလူ ဒန်နီအဲလ်ဗက်စ်က ရီးရဲလ်မက်ဒရစ်တို့ ဒီရာသီမှာ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ့်ကိစ္စက ကံကောင်းလို့သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါလက်ကျန် (၅) ပွဲမှာ (၄) မှတ်ရရုံနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။
လက်ရှိ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ရဲ့နောက် တပွဲလျော့ (၁၅) မှတ်အကွာ၊ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဘာစီလိုနာတို့ လက်ကျန်တပွဲ အနိုင်ရခဲ့ရင်တောင်မှ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအကြား (၁၂) မှတ် ကွာဟနေဦးမှာပါ။ ဘာစီလိုနာဟာ မနေ့က ဆိုစီဒက်နဲ့ လာလီဂါအဝေးကွင်းပွဲမှာ ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘာစီလိုနာအနေနဲ့ ဇာဗီ အသင်းကိုကိုင်တွယ်ပြီးနောက်ပိုင်း လာလီဂါနှစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ဇာဗီ အနိုင်ရရှိခဲ့တဲ့ပွဲတွေထဲမှာ ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲလည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရာသီနှောင်းပိုင်းဖြစ်လာခဲ့ချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ကို လိုက်မှီဖို့က သင်္ချာနည်းအရသာ မျှော်လင့်ချက်ရှိပါတော့တယ်။
အဲ့ဒါကြောင့်လည်း ဘာစီလိုနာရဲ့ တကျော့ပြန် ညာနောက်ခံလူ ဒန်နီအဲလ်ဗက်စ်က “ကျနော်တို့ စောစောစီးစီး ခြေမတွေ့လိုက်တာ ရီးရဲလ်မက်ဒရစ်အတွက် ကံကောင်းသွားပါတယ်။ ကျနော်တို့က မတူညီတဲ့ပုံစံမျိုးနဲ့ အမြဲတမ်း ပြိုင်ပွဲဝင်ဖို့ စီစဥ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘဝက ဒီလိုပါပဲ။ ကျနော်တို့ အခါနှောင်းသွားခဲ့ပါတယ်”
“တကယ်ဆို ရီးရဲလ်မက်ဒရစ်ကို ကျော်တက်ဖို့ အခွင့်အရေးရခဲ့သင့်တာပါ။ ပြိုင်ဘက်ရဲ့ အနေအထားနဲ့ အခြေအနေတွေကြောင့် ဒါက အရမ်းခက်ခဲမှာကို ကျနော်တို့ သိထားပြီးသားမှာပါ။ ဒါပေမယ့် ပြောနိုင်တာတခုက ကျနော်တို့ စောစောစီးစီး ခြေမတွေ့ခဲ့တာက ရီးရဲလ်မက်ဒရစ်အတွက် ကံကောင်းခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။