ရီးရဲလ်မက်ဒရစ်ကတော့ အိမ်ကွင်း ဘာနေဗျူးပရိသတ်ရှေ့မှာ ရမှတ်တမှတ် ရရုံနဲ့တင် လာလီဂါချန်ပီယံအဖြစ် ကျိန်းသေမယ်ဆိုပေမယ့် ဂိုးပြတ်နိုင်ပွဲနဲ့ကို ချန်ပီယံအဖြစ် အတည်ပြု အောင်ပွဲခံသွားခဲ့တာပဲဖြစ်ပါတယ်။ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲကျပ်ရှိနေတာကြောင့် ဘန်ဇီမာ၊ တိုနီကရူးစ်၊ ဗီနီရှပ်စ်တို့ကို အနားပေးခဲ့ပြီး မာဆယ်လို ပွဲထွက်ခဲ့ပါတယ်။
ကာမာဗင်ဂါ၊ စီဘယ်လို့စ်၊ ဗယ်လီဟို၊ မာရီယာနို၊ အဆန်စီယို၊ ရိုဒရီဂိုတို့ပွဲထွက်ခဲ့ပြီး နောက်တန်းရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ကက်စ်မဲရိုးက ဗဟိုနောက်ခံလူနေရာကို ဆင်းကစားခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် (၇) မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေက သူတို့ရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုရဲ့နာမည်ကို အော်ဟစ်အားပေးခဲ့ကြပါသေးတယ်။
ဒါ့အပြင် ရာသီကုန်မှာ အသင်းကနေထွက်တော့မယ့် အသင်းခေါင်းဆောင် မာဆယ်လိုရဲ့နာမည်ကိုလည်း ပရိသတ်တွေက ထပ်မံအော်ဟစ်ဂုဏ်ပြုခဲ့ကြပါသေးတယ်။ တချိန်တုန်းက အတွဲညီခဲ့တဲ့ ရော်နယ်ဒိုနဲ့မာဆယ်လိုကိုတော့ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ ထာဝရလွမ်းဆွတ်နေရတော့မှာလည်းဖြစ်ပါတယ်။
ပွဲချိန်တွင်း ခြေစွမ်းကတော့ ထူးထူးခြားခြား ပြောစရာမရှိဘဲ ရီးရဲလ်မက်ဒရစ်က လုပ်စရာရှိတာ အကောင်းဆုံးလုပ်ပြီး ချန်ပီယံဆုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပါတယ်။ ပထမပိုင်းမှာတင် ရိုဒရီဂိုက ခြေစွမ်းပြနှစ်ဂိုးသွင်းခဲ့ပြီး ဒီကစားသမားလေးက လာမယ့်ရာသီ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အဓိကပွဲထွက်ခွင့်တနေရာကို ရယူဖို့ တာဆူနေပါပြီ။
ဒုတိယပိုင်းမှာ အဆန်စီယိုက ရီးရဲလ်မက်ဒရစ်အတွက် တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီကတော့ ဘန်ဇီမာ၊ တိုနီကရူးစ်၊ ဗီနီရှပ်စ်တို့ကို ထပ်ထည့်ခဲ့ပြီး ကစားအားကို ထပ်တင်ခဲ့ပါတယ်။ လူစားဝင်အစ္စကိုရဲ့ သွင်းဂိုးတဂိုး ပယ်ဖျက်ခံခဲ့ရပေမယ့် ဘန်ဇီမာက အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးကာ ရီးရဲလ်မက်ဒရစ်တို့ လေးဂိုးပြတ်နဲ့ အက်စ်ပန်ညိုကို အနိုင်ယူခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လက်ကျန် (၄) ပွဲအလိုမှာ ဒုတိယနေရာက ဆီဗီလာကို (၁၇) မှတ်ဖြတ်ပြီး ရမှတ် (၈၁) မှတ်နဲ့ လာလီဂါ အမှတ်ပေးချန်ပီယံအဖြစ် (၃၅) ကြိမ်မြောက် အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ အန်ဆယ်လော့တီကလည်း ထိပ်တန်းလိဂ် (၅) ခုလုံးမှာ အမှတ်ပေးချန်ပီယံဖြစ်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။