ကမ္ဘာ့အချမ်းသာဆုံး Tesla သူဌေးဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ကျော်ကတည်းက သူ့အမေကို ရှယ်ယာဝယ်ဖို့ အကြံပေးခဲ့သူဖြစ်တယ်လို့ မိခင်ဖြစ်သူ မေယီမတ်စ်က ပြောပါတယ်။
အသက် ၇၄ နှစ် ရှိပြီဖြစ်တဲ့ မော်ဒယ်မင်းသမီးကြီးဟာ သားဖြစ်သူနဲ့အတူ နယူးယော့ခ်စီးတီးမှာရှိတဲ့ မက်ထရိုပိုလီတန် အနုပညာပြတိုက် ရံပုံငွေပွဲတစ်ခုဖြစ်တဲ့ Met Gala ပွဲကို တက်ရောက်ချိန်မှာ အခုလို ပြောခဲ့တာပါ။ မတ်စ် ၁၄ နှစ် သားအရွယ်မှာ သူ့မိခင်ကို သူတကယ် ယုံကြည်မှုရှိတဲ့ ကုမ္ပဏီတစ်ခုကနေ စတော့ခ်ရှယ်ယာဝယ်ဖို့ အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်က စတော့ခ်ပွဲစားလုပ်နေတဲ့ သူမရဲ့ သူငယ်ချင်းက ဒီရှယ်ယာကို မဝယ်ဖို့ တားခဲ့သေးတယ်လို့ မေယီက ပြန်ပြောပြပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သူမဟာ သားဖြစ်သူ ပြောတဲ့ ကုမ္ပဏီဆီကနေ ဒေါ်လာ ၁၀၀၀ နဲ့ ညီမျှတဲ့ တောင်အာဖရိက ရန်ဒ် ၁၀၀၀ ဖိုး ဝယ်ပြီး ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ "ဒါက ကျွန်မ အဆုံးခံနိုင်ဆုံး ပမာဏပဲလေ" လို့ သူမက ပြောပါတယ်။ နောက်တော့ ဒီကုမ္ပဏီရဲ့ ရှယ်ယာဟာ ၃ ဆအထိ ထိုးတက်သွားခဲ့ပြီး မေယီဟာ ရှယ်ယာဈေး ပြန်ကျမှာ စိုးပြီး ရှိတဲ့ ရှယ်ယာတွေ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
"သားက မပျော်ခဲ့ဘူးနော်။ အဲ့ဒီစတော့ခ်တွေကလည်း ဆက်ပြီး မြင့်သွားလိုက်တာ ပါပဲ။ နောက်ပြီး ရှယ်ယာအောင်မြင်မှုကို နှစ်ယောက်ခွဲမပေးတာ မတရားဘူးလို့လည်း သားက ထင်ခဲ့တယ်နော်" လို့ မေယီက Twitter မှာ သားဖြစ်သူကို Mention ခေါ်ပြီး ပြောခဲ့ပါတယ်။
မေယီမတ်စ်အနေနဲ့ ရှယ်ယာဈေး ၃ ဆ ဘယ်လောက်မြန်မြန် ထိုးတက်သွားခဲ့တယ်ဆိုတာနဲ့ ဘယ်ကုမ္ပဏီမှာ ရှယ်ယာဝယ်ဖို့ မတ်စ်က အကြံပေးခဲ့တယ်ဆိုတာတော့ ပြောခဲ့ခြင်း မရှိပါဘူး။ အီလွန်မတ်စ်ရဲ့ သူ့ Followers တွေကို ကုမ္ပဏီတွေဆီက ရှယ်ယာဝယ်မယ်ဆိုရင် သူတို့ ယုံကြည်တဲ့ ထုတ်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီမှာပဲ စတော့ခ်ဝယ်ဖို့ ၊ ဈေးကွက်ကို ကြည့်ပြီး မထိတ်လန့်ကြဖို့ အကြံပေးထားပါတယ်။
Tesla လျှပ်စစ်ကားကုမ္ပဏီက သူ့ပိုင်အစုရှယ်ယာ ၉.၆ သန်း (ဒေါ်လာ ၈.၅ဘီလျံ) ဖိုးခန့် ထုတ်ရောင်းပြီးနောက် ရက်အနည်းငယ် အကြာမှာ အီလွန်မတ်စ်ရဲ့ ရှယ်ယာရွေးဝယ်နည်း အကြံပြုချက် ထွက်လာတာပါ။ မတ်စ်ဟာ Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ဖို့ ရှယ်ယာတချို့ ရောင်းချထားပါတယ်။