• အမွှေစိန်ကို Twitter ပြန်လာစေချင်နေတဲ့ အီလွန်မတ်စ်

ထရမ့်အကောင့် ပိတ်တာဟာ မလုပ်ကောင်းတဲ့ကိစ္စလို့ ပြောပါတယ်

ကုမ္ပဏီကို ဝယ်ပြီးသွားရင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့Twitter အကောင့်ကို ပြန်ဖွင့်ပေးသွားမယ်လို့ အီလွန်မတ်စ်က ပြောပါတယ်။ 

Financial Times က ကျင်းပတဲ့ The Future Of Car ဆိုတဲ့ တိုက်ရိုက် Live ကွန်ဖရင့်တစ်ခုမှာ အီလွန်မတ်စ်က သမ္မတဟောင်းထရမ့်ရဲ့ Twitter အကောင့်ပိတ်ထားမှုကို ပယ်ဖျက်ပေးမယ်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ Tesla CEO နဲ့ Twitter ကို ဝယ်ဖို့ သဘောတူညီချက်ရထားသူ အီလွန်မတ်စ်ဟာ ထရမ့်နဲ့ ပတ်သက်ပြီး Twitter ပလက်ဖောင်းပေါ် ပြန်ခေါ်ရေး ၊ မခေါ်ရေးကို တရားဝင် ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။ 

image



၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် အတည်ပြုဖို့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၆ ရက်နေ့က Capitol Building မှာ လွှတ်တော်အမတ်တွေ စည်းဝေးနေချိန် ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုမှာ ထောက်ခံသူတွေကို ကွန်ဂရက်လွှတ်တော်ဆီ ချီတက်ကြဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့တာကြောင့် ထရမ့်ဟာ လူမှုကွန်ရက်စံချိုးဖောက်မှုနဲ့ Twitter ကနေ ထာဝရပိတ်ခံထားရတာပါ။ 

Twitter ကို အီလွန်မတ်စ် ဒေါ်လာ ၄၄ ဘီလျံနှုန်းနဲ့ ဝယ်ယူဖို့ ကုမ္ပဏီနဲ့ သဘောတူညီမှု ရသွားချိန်ကစပြီး ထရမ့်ကို Twitter ပြန်သုံးခွင့်ပေးသွားမလားဆိုပြီး စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။ Twitter ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ပလက်ဖောင်းဖြစ်စေရမယ်ဆိုတဲ့ အီလွန်မတ်စ်ရဲ့ စကားကို တချို့တွေက စိုးရိမ်နေချိန်မှာ မတ်စ်က ထရမ့်လိုမျိုး လူမှုကွန်ရက်မှာ ပွဲဆူတတ်သူရဲ့ အကောင့်ကို ပြန်ဖွင့်ပေးမယ့်အကြောင်း ပြောလာတာပါ။ 

"ဒေါ်နယ်ထရမ့်ကို Ban တာ မမှန်ဘူးလို့ ကျွန်တော်ထင်တယ်။ Twitter ကနေ ထရမ့်ကို ပိတ်တာဟာ ထရမ့်ရဲ့အသံကို အဆုံးသတ်စေမှာ မဟုတ်ပါဘူး။ လက်ယာယိမ်းတွေအကြားမှာ ပိုလို့ အသံထွက်စေမှာပါ။ ဒါက ဆင်ခြင်တုံတရားအရလည်း မှားယွင်းပြီး လုံးဝမိုက်မဲရာ ရောက်ပါတယ်။" လို့ SpaceX နဲ့ Tesla CEO ဖြစ်သူ မတ်စ်က ပြောပါတယ်။ 




အီလွန်မတ်စ်အနေနဲ့ ထရမ့်အကောင့်ကို ပြန်ဖွင့်ပေးပြီး Twitter ပြန်သုံးစေချင်ပေမယ့် အမေရိကန်သမ္မတဟောင်းမှာ Truth Social နာမည်နဲ့ ကိုယ်ပိုင်လူမှုကွန်ရက်တစ်ခုတောင် တည်ထောင်ထားပြီး ဖြစ်ပါတယ်။ Twitter ကို အီလွန်မတ်စ်ဝယ်နေပြီ ဆိုကတည်းက ထရမ့်ကလည်း သူ့ Twitter အကောင့်ကို အီလွန်မတ်စ် ပြန်သုံးခွင့်ပေးရင်တောင် Truth Social ပဲ သုံးတော့မယ်လို့ ပြောထားပါတယ်။ 

Tesla CEO ဟာ Twitter ကို တရားဝင် မပိုင်ဆိုင်သေးပေမယ့်လည်း ကုမ္ပဏီကို ဝယ်ဖို့ ငွေပမာဏအတွက် Oracle တည်ထောင်သူ လယ်ရီအယ်လီဆင်အပါအဝင် တခြားရင်းနှီးမြှပ်နှံသူတွေဆီက ထောက်ပံ့မှုပါ ရရှိထားတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က