ဒီလထဲမှာ ဒေါ်လာဘီလျံ ၂၀ လှူထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာကြီးဖြစ်ခဲ့တဲ့ ဘီလ်ဂိတ်စ်ဟာ သူ့ပိုင် ချမ်းသာမှုအကုန်ကို ပေးလှူသွားမှာ ဖြစ်လို့ နောက်ဆုံးမှာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ပါတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

ဇူလိုင် ၁၃ ရက်နေ့က Microsoft ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်ဟာ သူ့ရဲ့ ပရဟိတရံပုံငွေစာရင်းမှာ ဒေါ်လာ ဘီလျံ ၂၀ ထပ် လှူထားပါတယ်။ လက်ရှိ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဘီလ်ဂိတ်စ်ဟာ ၂၀၁၀ ခုနှစ်မှာ သူ့ပိုင် ချမ်းသာမှုအားလုံးကို စွန့်လှူသွားဖို့ ပထမဆုံး ကတိပြုထားခဲ့တာပါ။ ၂၀၁၀ နောက်ပိုင်း သူ့ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုဟာ နှစ်ဆကျော် ရှိလာခဲ့ပြီး လက်ရှိ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၁၈ ဘီလျံ ရှိတယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြထားပါတယ်။ 





ဒီတစ်ပတ် Bill & Melinda Gates Foundation ကို ဒေါ်လာ ဘီလျံ ၂၀ လှူဒါန်းမှု လုပ်ပြီးနောက်မှာတော့ သူ့ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှုဟာ သိသိသာသာ ကျဆင်းသွားဖို့လည်း ရှိပါတယ်။ Bill & Melinda Gates Foundation ကို ဘီလ်ဂိတ်စ်နဲ့ သူ့ဇနီးဟောင်း မယ်လင်ဒါဂိတ်စ်တို့ဟာ ၂၀၀၀ ပြည့်နှစ်က စတင် တည်ထောင်ခဲ့တာပါ။ အဖွဲ့အစည်းအတွက် ဒေါ်လာဘီလျံ ၂၀ လှူဒါန်းခြင်းဖြင့် ၂၀၂၆ အရောက်မှာ ဖောင်ဒေးရှင်းရဲ့ အသုံးစရိတ်ကို ဒေါ်လာ ၆ ဘီလျံကနေ ၉ ဘီလျံအထိ တိုးမြှင့်နိုင်မယ်လို့လည်း ဂိတ်စ်က ပြောပါတယ်။ 

"အနာဂါတ်ကို မျှော်ကြည့်ရရင် ဖောင်ဒေးရှင်းအတွက် ကျွန်တော့်ချမ်းသာမှုအားလုံးနီးပါးကို ပေးသွားဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းကနေလည်း ဆင်းရပြီး နောက်ဆုံးမှာ ကျွန်တော် ထွက်သွားဖို့ရှိပါတယ်" လို့ ဂိတ်စ်ရဲ့ Twitter မှာ ရေးထားပါတယ်။ 

Microsoft ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းပြီးနောက် မကြာခင် ၁၉၈၆ မှာ ဂိတ်စ်ဟာ Forbes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံးသူဌေးစာရင်း Forbes 400 List မှာ ပထမဆုံး ပါဝင်လာခဲ့ပါတယ်။ ၁၉၉၅ ကနေ ၂၀၁၀ အထိ သူဟာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးအဖြစ် ဖော်ပြခံခဲ့ရပြီး ၂၀၁၃ ကနေ ၂၀၁၇ တောက်လျှောက်အထိလည်း ကမ္ဘာ့အချမ်းသာဆုံး ဖြစ်ခဲ့တာပါ။ ဒီနောက်မှာတော့ သူ့ရဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးဂုဏ်ပုဒ်ကို Amazon သူဌေး ဂျက်ဖ်ဘီဇော့စ် နဲ့ Tesla သူဌေး အီလွန်မတ်စ်တို့က လက်လွှဲယူသွားခဲ့ပါတယ်။ ါ




ဘီလ်ဂိတ်စ်နဲ့ သူ့ဇနီးဟောင်း မယ်လင်ဒါဂိတ်စ်တို့ တည်ထောင်ခဲ့တဲ့ Bill & Melinda Gates Foundation ကို ဆင်းရဲမွဲတေမှု ၊ ငတ်မွတ်ခေါင်းပါးခြင်း ၊ ရောဂါဘယထိန်းချုပ်ရေး နဲ့ ကျောင်းသားများ အထက်တန်းပညာသင်ကြားနိုင်ရေးတွေမှာ ကူညီပံ့ပိုးနိုင်ဖို့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Bill & Melinda Gates Foundation ရဲ့ အကြီးဆုံးအလှူရှင်တွေထဲမှာ ဘီလ်ဂိတ်စ်ရဲ့ မိတ်ဆွေ ဝါရင်ဘတ်ဖတ်လည်း အပါအဝင် ဖြစ်ပြီး ဖောင်ဒေးရှင်းအတွက်လည်း ၁၅ နှစ်တိုင်တိုင် ဘဏ္ဍာထိန်းအဖြစ် တာဝန်ယူခဲ့သလို ၂၀၀၆ ခုနှစ်က စပြီး အဖွဲ့အစည်းအတွက် ဒေါ်လာ ၃၆ ဘီလျံကျော် လှူဒါန်းမှုလုပ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က