ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အာဆင်နယ်နဲ့ပွဲမတိုင်ခင်မှာ အသင်းရဲ့ ကစားသမားသုံးယောက်ဖြစ်တဲ့ ဖီးလ်ဂျုံးစ်၊ မန်ဂီ၊ တွမ်ဇီဘီတို့ရဲ့ အဝတ်လဲခန်းထဲက ပစ္စည်းတွေကို ယူ-၂၃ အသင်း အသုံးပြုတဲ့ အဝတ်လဲခန်းထဲ ရွှေ့ဆိုင်းစေခဲ့တယ်လို့ သိရှိရပါတယ်။ ဒါဟာ အသင်းမှာ ကစားသမားသစ်တွေ ရောက်လာတဲ့အတွက် သူတို့ကို နေရာပေးဖို့ လိုအပ်တာကြောင့်လို့လည်း သတင်းအချို့က ဖော်ပြပါတယ်။
ကာရင်တန်မှာရှိတဲ့ အသင်းကြီး အသုံးပြုရာ အဝတ်လဲခန်းက ကစားသမား (၂၄) ယောက်ထက် ပိုမို အသုံးပြုလို့မရပါဘူး။ လက်ရှိနွေရာသီမှာ ယူနိုက်တက်က အန်တိုနီ၊ လီဆန်ဒရိုမာတီနက်ဇ်၊ ကက်စ်မဲရိုး၊ အဲရစ်ဆင်၊ မာလာစီယာ၊ ဒူဘရာကာတို့ကိုခေါ်ယူခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီကစားသမားတွေကို နေရာစီစဥ်ပေးဖို့ လိုအပ်ပြီး တန်ဟက်ခ်က အသင်းအတွက် အသုံးမလိုတဲ့ ကစားသမားတွေကို အသင်းကြီး အဝတ်လဲခန်းကနေပါ ဖယ်ရှားခဲ့တာပါ။
ဖီးလ်ဂျုံးစ်နဲ့အတူ မန်ဂီ၊ တွမ်ဇီဘီတို့ဟာ ယူ-၂၃ အဝတ်လဲခန်းထဲကို အတူတကွ ပြောင်းရွှေ့ခဲ့ရပြီး ဒါက တန်ဟက်ခ်အနေနဲ့ ဒီကစားသမားတွေကို မောင်းထုတ်လိုက်တာနဲ့ အတူတူပဲလို့လည်း မှတ်ချက်ပြုနေကြပါတယ်။ ဖီးလ်ဂျုံးစ်ဟာ ဖာဂူဆန်လက်ထက်တည်းက ယူနိုက်တက်မှာရှိနေတဲ့ ကစားသမားပါ။
ပြီးခဲ့တဲ့ရာသီမှာ ဒီကစားသမားက ဒဏ်ရာကနေ ပြန်လည်သက်သာလာပေမယ့် တန်ဟက်ခ်ကတော့ ဖီးလ်ဂျုံးစ်ကို တပွဲမှ အသုံးပြုရခြင်းမရှိသေးပါဘူး။ ဒါ့အပြင် လက်ရှိနောက်တန်းမှာလည်း အသင်းခေါင်းဆောင် မက်ဂွိုင်းရားတောင် အရံခုံရောက်နေတဲ့ အနေအထားကြောင့် ဖီးလ်ဂျုံးစ်အတွက်က ဘယ်လိုမှ မျှော်လင့်စရာမရှိတော့ပါဘူး။
အဲ့ဒါကြောင့် ဖီးလ်ဂျုံးစ်ကို ဒီလိုမျိုး ပြုမူဆက်ဆံခဲ့တာက ပရိသတ်တွေအတွက် ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ အသက် (၃၀) အရွယ် ဖီးလ်ဂျုံးစ်ဟာ (၂၀၁၁) တည်းက ဘလက်ဘန်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီကစားသမားကို လက်လွှတ်ဖို့ စီစဥ်ခဲ့ပေမယ့်လည်း အရာမထင်ဖြစ်ခဲ့တာကြောင့် အခုလိုမျိုး အသင်းမှာဆက်ရှိနေခဲ့တာပါ။