ဘာစီလိုနာကို အပြိုင်အဆိုင် လှောင်ပြောင်ခဲ့ကြတာပါ။

ရီးရဲလ်မက်ဒရစ် တိုက်စစ်က ဘန်ဇီမာနဲ့ ဗီနီရှပ်စ်တို့နှစ်ယောက်ဟာ မနေ့ညက ဘာစီလိုနာတို့ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်အပြီး ခဏအကြာမှာပဲ မဟာပြိုင်ဘက်အပေါ် အပြိုင်အဆိုင် လှောင်ပြောင်ခဲ့ကြပါတယ်။ မြူးနစ်မြို့မှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီပွဲမှာ ဘာစီလိုနာတို့ အပိုင်အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ ဘိုင်ယန်မြူးနစ်က လူးကပ်စ်ဟာနန်ဒက်ဇ်၊ ဆာနေးတို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ဘာစီလိုနာအတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ပထမဆုံးသောရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ဇာဗီက အသင်းရဲ့ရလဒ်ပိုင်းကို မကျေနပ်ဘဲ အနိုင်ရသင့်တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာရဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်က အသင်းခေါင်းဆောင် ဘန်ဇီမာကတော့ ဘာစီလိုနာရှုံးနိမ့်အပြီး ခဏအကြာမှာပဲ သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ ချန်ပီယံလိဂ်ဖလားကိုင်ဆောင်ထားတဲ့ ဓာတ်ပုံကိုတင်ပြီး “ကောင်းသောညပါ” လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ဘန်ဇီမာလိုမျိုး လှောင်ပြောင်ခဲ့တဲ့ နောက်ထပ် ရီးရဲလ်မက်ဒရစ် ကစားသမားတယောက်လည်းရှိပါတယ်။

သူကတော့ နောက်ပိုင်းရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ဗီနီရှပ်စ်ဂျူနီယာဖြစ်ပါတယ်။ ဗီနီရှပ်စ်ကလည်း ဘာစီလိုနာရှုံးပွဲနဲ့ ကြုံတွေ့အပြီး ခဏအကြာမှာပဲ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးကွင်းမှာ ရယ်မောနေတဲ့ သူ့ရဲ့ဓာတ်ပုံကို အင်စတာဂရမ်စတိုရီကနေ တင်ထားခဲ့တာဖြစ်ပါတယ်။

ဒီကစားသမားတွေက ဘာစီလိုနာရဲ့ရှုံးပွဲကို တစုံတရာရည်ညွှန်းခြင်းမရှိခဲ့ပေမယ့် ဒါဟာ ဘာစီလိုနာကို လှောင်ပြောင်တဲ့လုပ်ရပ်သာဖြစ်ကြောင်း ပရိသတ်တွေက နားလည်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိဘောလုံးရာသီ လာလီဂါမှာလည်း ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားတဲ့အသင်းတသင်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က