ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ်ဟာ အက်သလက်တီကိုနဲ့ မက်ဒရစ်ဒါဘီပွဲမတိုင်ခင်မှာ သွေးပူလေ့ကျင့်ခန်းလုပ်နေရင်း သူ့ကို အော်ဟစ်လှောင်ပြောင်နေတဲ့ အက်သလက်တီကိုပရိသတ်တွေကို လှလှပပတုံ့ပြန်သွားခဲ့ပါတယ်။ အဆိုပါ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမားဟာ အက်သလက်တီကို ကစားသမားဟောင်းတယောက်လည်းဖြစ်ပါတယ်။

ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ ကော်တွိုက်စ်ကို ဂိုးတိုင်နောက်ဘက်မှာရှိတဲ့ အက်သလက်တီကိုပရိသတ်တွေက နည်းမျိုးစုံနဲ့ အော်ဟစ်ဆဲဆို လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကော်တွိုက်စ်ကတော့ ဒါကို အမှုမထားဘဲ ဂရုမစိုက်တဲ့ပုံစံနဲ့ ရယ်ရယ်ပြုံးပြုံးပဲ ရှိနေခဲ့ပါတယ်။ သူဟာ ဂိုးတိုင်အနောက်ဘက်မှာရှိတဲ့ LED ကြော်ငြာဆိုင်းဘုတ်အပေါ်ကိုတောင် ခြေထောက်တင်ပြီး အကြောလျှော့လေ့ကျင့်ခန်း ပြုလုပ်ခဲ့သေးတာပါ။
အဲ့ဒီနောက်မှာတော့ အပြင်းထန်ဆုံးတုံ့ပြန်မှုတခုကို ကော်တွိုက်စ်က ပြုလုပ်ပြသွားခဲ့ပါတယ်။ အက်သလက်တီကိုဂျာစီ ဝတ်ဆင်ထားတဲ့ ပရိသတ်တယောက်က ကော်တွိုက်စ်ကို တချိန်လုံးအော်ဟစ်စော်ကားနေခဲ့ပြီး ကော်တွိုက်စ်က သူ့လက်ဖျံပေါ်က ချန်ပီယံလိဂ်ဖလားတက်တူးကို ပြန်လည်ပြသသွားခဲ့ပါတယ်။ ကော်တွိုက်စ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တာပါ။
အဲ့ဒီနောက် သူက လက်ဖျံပေါ်မှာ သူ့နာမည်အတိုကောက် TC1 နဲ့ ချန်ပီယံလိဂ်ဖလားပုံကို ဂိုးတိုင်နောက်ခံထားပြီး တက်တူးရေးထိုးထားခဲ့ပါတယ်။ ဒါကြောင့်လည်း ကော်တွိုက်စ်က ဒီလိုမျိုးနည်းလမ်းနဲ့ အသင်းဟောင်း ပရိသတ်တွေကို တုံ့ပြန်သွားခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ဆွတ်ခူးခဲ့တဲ့နေရာမှာ ကော်တွိုက်စ်ရဲ့ အခန်းကဏ္ဍကလည်း တော်တော်လေးကြီးမားခဲ့ပါတယ်။
အထူးသဖြင့် လီဗာပူးနဲ့ ဗိုလ်လုပွဲမှာ ကော်တွိုက်စ်က ပြိုင်ဘက်ရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို အကြိမ်ကြိမ် ကာကွယ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုနဲ့ရီးရဲလ်မက်ဒရစ်တို့ရဲ့ မက်ဒရစ်ဒါဘီပွဲမှာလည်း ပွဲချိန်တလျှောက်လုံး ပြိုင်ဘက်ပရိသတ်တွေက ကော်တွိုက်စ် ဘောလုံးထိတိုင်း အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါ့အပြင် ကော်တွိုက်စ်ကိုလည်း အရာဝတ္ထုပစ္စည်းအချို့နဲ့ ပစ်ပေါက်ခဲ့ကြပြီး ဒါတွေကိုလည်း ဒီဂိုးသမားက ကွင်းလယ်ဒိုင်ဆီ အပ်နှံခဲ့ပါတယ်။ ဒီမက်ဒရစ်ဒါဘီပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။