ပြင်သစ်လက်ရွေးစင်အသင်းမှာ အမ်ဘာပေနဲ့အတူရှိတုန်း ပြောကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ကြယ်ပွင့် ကာမာဗင်ဂါက လက်ရွေးစင်အသင်းဖော် အမ်ဘာပေနဲ့သာ ကလပ်အသင်းမှာ တွဲကစားခွင့်ရမယ်ဆိုရင် အရမ်းကို ပျော်ရွှင်မိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကာမာဗင်ဂါအပါအဝင် ပြင်သစ်ကြယ်ပွင့်တွေဟာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေကြပြီး ဒီအချိန်မှာပဲ ကာမာဗင်ဂါက အခုလို ပြောကြားခဲ့တာပါ။



နွေရာသီကိုရောက်တာနဲ့ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ မပြီးဆုံးနိုင်တဲ့ အပြောင်းအရွှေ့ဒဏ္ဍာရီပုံပြင်က ပြန်လည်စတင်လျက်ရှိပါတယ်။ ဒါ့အပြင် အမ်ဘာပေကိုယ်တိုင်ကလည်း ပီအက်စ်ဂျီမှာ လာမယ့်ရာသီ ဆက်ရှိမယ်ဆိုထားပေမယ့် စာချုပ်သက်တမ်းတိုးမယ့်အကြောင်းကိုတော့ ထည့်သွင်းအတည်ပြုထားခြင်း မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်ဘက်ကလည်း အမ်ဘာပေအတွက် လာမယ့်နှစ် နွေရာသီမှာ ပြန်လည်ကြိုးစားသွားဖို့ ပြင်ဆင်ထားပြီး ပီအက်စ်ဂျီကတော့ ကမ္ဘာ့စံချိန်တင်ကြေး ပေးထားရတဲ့ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့်ကိန်းဆိုက်နေပါတယ်။ ကာမာဗင်ဂါကလည်း အမ်ဘာပေရဲ့ ကိစ္စတွေအပေါ် အခုလိုပဲ မှတ်ချက်ပြုလာခဲ့ပါတယ်။

ကာမာဗင်ဂါက “ဘာတွေပြောနေလဲ၊ ဖြစ်ပျက်နေလဲဆိုတာကို ခင်ဗျားတို့ အားလုံးလည်း အမြင်ပါပဲ။ ကျွန်တော့်မှာ ဘာမှ ပြောစရာ စကားမရှိတော့ပါဘူး။ ဒါပေမယ့် အမ်ဘာပေသာ ရီးရဲလ်မက်ဒရစ်ကို ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ အရမ်းကို ပျော်ရွှင်မိမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေရဲ့ လက်ရှိစာချုပ်က လာမယ့် (၂၀၂၄) ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီဘက်က အမ်ဘာပေကို အခုကတည်းက စာချုပ်သက်တမ်း တစ်နှစ် တိုးထားဖို့ ဆန္ဒရှိနေပြီး ကစားသမားဘက်ကတော့ ဒါနဲ့ ပတ်သက်လို့ ဆန္ဒရှိပုံမပေါ်ပါဘူး။ အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် ပီအက်စ်ဂျီရဲ့ မက်လောက်စရာ ငွေကြေးနဲ့ လုပ်ပိုင်ခွင့် ကမ်းလှမ်းမှုတွေကြောင့် ပြင်သစ်မြေမှာပဲ ဆက်နေဖြစ်ခဲ့တာပါ။ 

Share

Loading Next Article...
က္က