အမ်ဘာပေဟာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ လက်ရှိ ဘောလုံးရာသီက ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးရာသီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ အမ်ဘာပေဟာ လာမယ့်ဇွန်လမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။

အစောပိုင်းကတည်းက ဒီကစားသမားဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ အတည်ပြုထားပြီးသားပါ။ လာမယ့် တနင်္ဂနွေနေ့မှာတော့ အမ်ဘာပေက ပီအက်စ်ဂျီအိမ်ကွင်းမှာ ပီအက်စ်ဂျီကစားသမားဘဝ နောက်ဆုံးပွဲကို ကစားတော့မယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အမ်ဘာပေက “ကျွန်တော် အချိန်တစ်ခုရောက်လာရင် ဒီအကြောင်းကို ပြောပြမယ်လို့ အမြဲတမ်း ပြောခဲ့ပါတယ်။ အခုရာသီက ပီအက်စ်ဂျီမှာ ကျွန်တော့်ရဲ့ နောက်ဆုံးရာသီဖြစ်ကြောင်း ကြေညာလိုပါတယ်။ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ကျွန်တော့်ရဲ့ ခရီးကို အဆုံးသတ်တော့မှာပါ”
“စာချုပ်သက်တမ်းတိုးဖြစ်မှာ မဟုတ်ပါဘူး။ တနင်္ဂနွေနေ့မှာ ပီအက်စ်ဂျီအိမ်ကွင်းကြီးထဲ ကျွန်တော့်ရဲ့ နောက်ဆုံးပွဲကို ကစားမှာပါ။ တကယ်ကို အီမိုးရှင်းဖြစ်ရပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အကြီးမားဆုံးအသင်းအတွက် ကစားခွင့်ရခဲ့တာက ကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပါ။ ကျွန်တော့်ကို ဒီနေရာအထိ ရောက်လာစေတဲ့ ဒီအသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ”
“ဒီအသင်းနဲ့ ပထမဆုံးအတွေ့အကြုံက ကျွန်တော့်အတွက် ဖိအားတွေ အရမ်းများခဲ့ပါတယ်။ နောက်ပြီး ဒီအသင်းမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက အချို့နဲ့ တွဲကစားခွင့်ရပြီး ကစားသမားတစ်ယောက်အနေနဲ့ တိုးတက်နိုင်ခဲ့ပါတယ်။ အောင်မြင်မှုတွေ၊ ကျွန်တော် ပြုလုပ်မိခဲ့တဲ့ အမှားတွေနဲ့အတူ လူသားတစ်ယောက်အနေနဲ့လည်း ကျွန်တော်က ကြီးပြင်းလာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။