ကင်မရာဖုန်းတွေအကြောင်း ပြောရင် Xiaomi ကို ချန်ထားလို့ ရတော့မှာ မဟုတ်တော့ပါဘူး။
Xiaomi ဟာ ဂျာမန်ကင်မရာကုမ္ပဏီ Leica နဲ့ ဗျူဟာမြောက် မိတ်ဖက်ပြု လက်တွဲလိုက်ပြီးနောက် Leica Brand ပါတဲ့ ပထမဆုံး စမတ်ဖုန်းစီးရီးကို မိတ်ဆက်လိုက်ပါတယ်။ Xiaomi 12S Series ဟာ Flagship ဖုန်းတန်းမှာ ပြောစရာအများအပြား ရှိတဲ့ စီးရီးအဖြစ် ထွက်လာတာပါ။ အထူးသဖြင့် အမြင့်ဆုံးမော်ဒယ် Xiaomi 12S Ultra မှာဆို စမတ်ဖုန်းကင်မရာလောကအတွက် လမ်းကြောင်းသစ်ကို ဖော်ဆောင်လာတာလို့ ဆိုနိုင်ပါတယ်။

ကင်မရာနည်းပညာပိုင်းမှာ ပထမတန်းစားဖုန်းတွေ ထုတ်ဖို့ Xiaomi မှာ အစီအစဉ် ကြီးကြီးဆွဲထားတာ ရှိပါတယ်။ ဒါကြောင့်ပဲ Leica လို အထင်ကရ ကင်မရာကုမ္ပဏီနဲ့ လက်တွဲတာပါ။ ဒါတင်မဟုတ်ပါဘူး။ Sony နဲ့လည်း Xiaomi တို့ အတူတူ လက်တွဲထားတာတွေကို Xiaomi 12S Ultra မှာ တွေ့မြင်ရပါတယ်။ Ultra မော်ဒယ် သစ်ဟာ ဧရာမ ၁ လက်မဆိုဒ် 50.3MP Sony IMX989 Sensor သစ်နဲ့လာပါတယ်။ '
စမတ်ဖုန်းတစ်လုံးမှာ ၁ လက်မကင်မရာ Sensor ဆိုတာ တကယ့်ကို ဧရာမကြီးဖြစ်ပြီး Xiaomi 12S Ultra မှာလည်း ဒီကင်မရာကို ထည့်သွင်းဖို့ စက်ဝိုင်းပုံကင်မရာBump အကြီးစား သုံးလာတာ တွေ့ရပါတယ်။ ကျောဘက် Panel ရဲ့ အပေါ်ဘက် သုံးချိုးတစ်ချိုးဟာ ကင်မရာနဲ့ နေရာယူတယ်လို့ ပြောနိုင်ပါတယ်။ ၁ လက်မ Sensor သုံးတာချင်းအတူတူ Sony Xperia Pro-1 နဲ့ မတူတာက Xiaomi 12S Ultra ဟာ sensor ရဲ့ အစိတ်အပိုင်းတိုင်းကို သုံးသွားတာ ဖြစ်ပြီး Xperia Pro 1 ကတော့ Sensor ရဲ့ အစိတ်အပိုင်းလောက်ပဲ ဖမ်းတာ ဖြစ်ပါတယ်။
The Engadget သတင်းမှာ ဖော်ပြထားတဲ့အတိုင်းဆို Xiaomi ဟာ Sony IMX989 Sensor ဖွံ့ဖြိုးရေးမှာ အတူတူ ပူးပေါင်းခဲ့ပြီး ကုန်ကျစရိတ် ဒေါ်လာ ၁၅ သန်းကို ညီတူမျှတူ အကုန်အကျခံခဲ့ကြတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီ Sensor ကို Xiaomi က သူတစ်ဦးတည်း လက်ဝါးကြီးအုပ် မသုံးဘဲ တခြားဒေသတွင်းပြိုင်ဘက်တွေလည်း အသုံးပြုနိုင်အောင် ဖြန့်ချိသွားမယ်လို့ ကုမ္ပဏီ CEO လေဂျန်က ပြောပါတယ်။ မိုဘိုင်းဓါတ်ပုံနည်းပညာအဆင့်အတန်း မြင့်မားရေးမှာ အတူတူ မြှင့်တင်ကြဖို့ ရည်ရွယ်ချက်နဲ့ ဒီလို လုပ်ဆောင်တာလို့လည်း ဆိုပါတယ်။
Xiaomi 12S Ultra ဟာ ကျောဘက်မှာ 50.3MP main Camera အပြင် 48MP Ultrawide နဲ့ 48MP Telephoto (5x optical zoom , 120x digital zoom) ဆိုပြီး ကင်မရာသုံးလုံး သုံးထားပါတယ်။ 48MP ကင်မရာနှစ်လုံးမှာ 1/2 လက်မ Sony IMX586 Sensor နဲ့လာပြီး ကျော်ဘက်ကင်မရာသုံးလုံးမှာ Leica ရဲ့ Lens တစ်ခုချင်းအလိုက် ရုပ်ထွက် ဟန်ချက်ညီညွတ်မှုပုံကောင်းဖို့ ၊ Lens အရောင်ပြန်တာလျှော့ချဖို့ Coating နည်းပညာပါလာမှာပါ။ ကင်မရာ Lens ဘေးမှာလည်း 23K ရွှေရောင်ကွင်းလေး ပတ်ထားပါတယ်။ ရှေ့ဘက်မှာတော့ 32MP Selfie ကင်မရာစနစ် နဲ့ လာပါတယ်။
ဒီဖုန်းဟာ Dolby Vision HDR (4K@60fps) နဲ့ Video ရိုက်ကူးမှုလုပ်နိုင်တဲ့ ပထမဆုံး Android ဖုန်းလို့လည်း ယူဆထားပါတယ်။ ရိုက်ကူးရေးမှာ ရုပ်ထွက်ပိုတည်ငြိမ်စေဖို့ မော်တာအခြေခံ HyperOIS ရုပ်ငြိမ်စနစ်သုံးထားပါတယ်။ ရုပ်ငြိမ် still shots ရိုက်ချက်တွေအတွက် Xiaomi 12S စီးရီးဟာ Adobe Labs ရဲ့ 10-bit RAW format ချိန်ညှိစနစ် အထောက်အပံ့ပေးထားပြီး Adobe Lightroom လိုမျိုး ရိုက်ကူးပြီး တည်းဖြတ်ရလွယ်အောင် ကာလာပြင်ပေးတဲ့ metadata ပါ ထည့်ထားပါတယ်။
ကင်မရာနည်းပညာပိုင်းအပြင် Xiaomi 12S Ultra ဟာ Flagship ဖုန်းတစ်လုံးရဲ့အဆောင်အယောင်တွေပါ အပြည့်အစုံတပ်ဆင်လာတာတွေ့ရမှာပါ။ ဒီဖုန်းမှာ အဆင့်မြင့်ဆုံး ရေစို/ဖုန်တင်ခံမှု သတ်မှတ်ချက်ဖြစ်တဲ့ IP68 Rating ပါရှိပြီး 120Hz Refresh Rate ပါ 6.73 OLED Display ၊ 4800mAh ဘက်ထရီ ၊ 67W Wired Fast Charging ၊ 50W Wireless နဲ့ 10W Reverse wireless charging စနစ်တို့ ပါရှိပါတယ်။
Qualcomm ရဲ့ အဆင့်မြင့်ဆုံး Snapdragon 8 Plus Gen 1 Chipset သစ်နဲ့ ထွက်လာတဲ့ Xiaomi 12S Ultra ဟာ ကိုယ်ပိုင် Xiaomi Surge Chips တွေလည်း ထည့်သွင်းလာပါတယ်။ ဘက်ထရီအားသွင်းစနစ်ကို အထောက်အကူပြုဖို့နဲ့ ဘက်ထရီပါဝါစီမံခန့်ခွဲမှုပိုင်းမှာ ထိန်းညှိဖို့ဆိုပြီး Xiaomi ရဲ့ နည်းပညာ Surge P1 အမြန်အားသွင်းနည်းပညာ Chipset နဲ့ Surge G1 ဘက်ထရီစီမံရေးဆိုင်ရာ Chipset တို့ ဖြစ်ပါတယ်။ ဂိမ်းကစားချိန်ဖုန်းအပူထိန်းညှိဖို့အတွက်လည်း ပူနွေးနေတဲ့ မျက်နှာပြင်ပေါ် Cooling liquid တွေ ပေးပို့ပေးမယ့် 3D Cooling Pump တစ်ခု တပ်ဆင်ထားပါတယ်။
Xiaomi 12S Ultra ကို Classic Black နဲ့ Verdant Green နှစ်ရောင်နဲ့ ထုတ်ထားပြီး နှစ်ရောင်စလုံးမှာ သားရေတု Vegan Leather နဲ့လာပါတယ်။ တရုတ်ဈေးကွက်မှာ ပထမဆုံးဖြန့်ချိသွားမှာ ဖြစ်ပြီး 8/256GB ဗားရှင်းကို ယွမ် ၆၀၀၀ (မြန်မာငွေ ၁၇ သိန်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။ အမြင့်ဆုံး High-End Version ဖြစ်တဲ့ 12/512GB ဗားရှင်းကို ယွမ် ၇၀၀၀ (မြန်မာငွေ ၁၉ သိန်းခွဲခန့်) ဈေး သတ်မှတ်ထားပါတယ်။