အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက အသင်းအတွက် ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့ကြောင်း သိရှိရပါတယ်။ အက်ဘ်ဟာနဲ့ အဝေးကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲမှာ အယ်လ်နာဆာက (၈) ဂိုးအထိ သွင်းယူကာ ဂိုးပြတ်ခြေပြတ် အနိုင်ရရှိခဲ့တာပါ။

ပထမပိုင်း ပွဲကစားချိန် (၁၁) မိနစ်မှာကတည်းက ရော်နယ်ဒိုက ဖရီးကစ်ကို အနိမ့်ဘောကန်သွင်းပြီး အယ်လ်နာဆာအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် (၁၀) မိနစ်အကြာ ပွဲကစားချိန် (၂၁) မိနစ်မှာလည်း ရော်နယ်ဒိုကပဲ အယ်လ်နာဆာအတွက် ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့တာပါ။

ဒီသွင်းဂိုးကိုလည်း ရော်နယ်ဒိုက ဖရီးကစ်ကတစ်ဆင့် ထောင့်ထဲ ကန်သွင်းခဲ့တာဖြစ်ပြီး အယ်လ်နာဆာတို့ သက်သောင့်သက်သာ ကစားခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မာနေးက အယ်လ်နာဆာအတွက် တတိယဂိုးကို သွင်းယူပေးခဲ့ပြီး ပထမပိုင်းမပြီးခင်မှာတင် ရော်နယ်ဒိုကတော့ ဟက်ထရစ်ရရှိခဲ့ပါတယ်။
ပွဲကစားချိန် (၄၂) မိနစ်မှာ ရော်နယ်ဒိုက သူ့အတွက် ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းပြန်စချိန်မှာ အယ်လ်နာဆာက ရော်နယ်ဒိုနဲ့ မာနေးတို့ နှစ်ယောက်စလုံးကို လူစားလဲကာ အနားပေးခဲ့ပါတယ်။ ပထမပိုင်းမှာတင် (၅) ဂိုးပြတ် အနိုင်ရနေတဲ့နောက် အယ်လ်နာဆာအတွက် ဒုတိယပိုင်းက တော်တော်လေး ဖိအားလျော့သွားစေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အယ်လ်နာဆာတို့ နောက်ထပ် (၃) ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ (၈) ဂိုးပြတ်နဲ့ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့တာပါ။ ရော်နယ်ဒိုကတော့ ဒီပွဲက ဟက်ထရစ်ကြောင့် ဂိုးသွင်းဘုရင်ဆုအတွက် အပြတ်အသတ် ထပ်မံဦးဆောင်နိုင်ခဲ့ပြီး သူ့အတွက် နောက်ထပ်မှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။