စမတ်ဖုန်းကင်မရာမှာ Megapixel များတာကို ကြိုက်တယ်ဆိုရင်တော့ Lenovo ရဲ့ နောက်ထွက်လာမယ့် flagship ဖုန်းက ပါးစပ်အဟောင်းသားဖြစ်စေလောက်တဲ့ ကင်မရာ MP သုံးလာဖို့ရှိနေပါတယ်။
Photo: venturebeat
Lenovo ရဲ့ ဒုဥက္ကဌ ချန်ချမ်က သူ့ရဲ့ Weibo ပေါ်မှာ Lenovo Z6 Pro အကြောင်း ပို့စ်တင်ရာမှာ hashtag နဲ့100MP လို့တင်ထားတာကြောင့် ဒီဖုန်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 100MP ကင်မရာသုံးတဲ့ ဖုန်းဖြစ်မယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။ တကယ်ပဲ 100MP ကင်မရာသုံးတဲ့ ဖုန်းဖြစ်မဖြစ်ဆိုတာကလည်း စိတ်ဝင်စားစရာပါ။
မကြာသေးခင်က Qualcomm ရဲ့ ထုတ်ကုန် အကြီးတန်းဒါရိုက်တာ ဂျပ်ဟီပီဟာ ဒီနှစ်ထဲမှာ 64MP ကနေ 100MP အထိ သုံးတဲ့ စမတ်ဖုန်းတွေ ထွက်လာမယ်လို့တရားဝင်ပြောကြားခဲ့ပါတယ်။ ဖုန်းနဲ့ဒစ်ဂျစ်တယ်ကင်မရာတွေမှာ ရုပ်ထွက်ကို Megapixel (MP) နဲ့သုံးပြီး 1MP ကင်မရာတစ်ခုဟာ အကြမ်းဖျဉ်းအားဖြင့် 1200 x 900 pixel ရုပ်ထွက်ရှိတဲ့ ပုံကို ထုတ်နိုင်ပါတယ်။
100MP ဆိုရင်တော့ pixel ပေါင်း သန်း ၁၀၀ ပါဝင်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ Lenovo ဟာ MWC ပွဲမှာ HyperVision ကင်မရာနဲ့လာတဲ့ 5G ဖုန်းကို မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Lenovo Z6 Pro မှာလည်း Hyper Video နဲ့Super Macro ကင်မရာစနစ်တွေပါလာဖို့ရှိပါတယ်။
Photo: PhoneRadar
တစ်ခုရှိတာက Lenovo ဟာ အရင်နှစ်က ဘောင်မပါသလောက် မှန်ပြင်အပြည့်ပါမယ့် ဖုန်း ၊ 4TB storage ပါတဲ့ ဖုန်းအဖြစ် Lenovo Z5 ကို ကြော်ငြာခဲ့ပေမယ့် တကယ်တမ်း ထွက်လာချိန်မှာ notch နဲ့လာပြီး storage ကလည်း အမြင့်ဆုံးမှ 128GB ပဲ ပါလာခဲ့တာပါ။ Lenovo Z6 Pro မှာတော့ Snapdragon 855 SoC ၊ RAM 12GB တို့ပါလာဖို့ရှိပြီး နှစ်လယ်ပိုင်းလောက်မှာ မိတ်ဆက်သွားဖို့ရှိနေပါတယ်။