ကျောဘက်သုံးလုံးတွဲကင်မရာနဲ့ 5000mAh ဘက်ထရီ သုံးထားပါတယ်။

စမတ်ဖုန်းလောကထဲမှာ ဒုတိယမြောက် 200MP ကင်မရာသုံး စမတ်ဖုန်းကို Xiaomi က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

Xiaomi T Series ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Flagship ဖုန်းသစ် Xiaomi 12T Pro ဟာ Xiaomi 12 စီးရီးကို အဆင့်မြှင့်ထားတဲ့ စီးရီးဖြစ်ပြီး နောက်ဆုံးပေါ် High-End Processor သစ်နဲ့ လာပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးအချက်က Xiaomi 12T Pro ဟာ 200MP ကင်မရာနဲ့ လာတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းဆိုတာပဲ ဖြစ်ပါတယ်။ ကင်မရာစနစ်ကိုတော့ Samsung ISOCELL HP1 1/1.22" sensor နဲ့ 0.64µm pixels နည်းပညာသုံးထားပြီး ပတ်ဝန်းကျင်အခြေအနေနဲ့ အသုံးပြုသူရဲ့ ရည်ရွယ်ချက်ပေါ် လိုက်ပြီး 1.28µm (4-in-1) 2.56µm (16-in-1) စတဲ့ Binning စနစ်နဲ့ ဓါတ်ပုံရိုက်ကူးနိုင်မှာပါ။ 



Photo: GSMArena



ကင်မရာထဲမှာ Telephoto Lens မပါပေမယ့် ရုပ်ထွက်မြင့် Sensor ဟာ 2x lossless digital zoom စနစ် အထောက်အပံ့ပေးထားပါတယ်။ ဒီကင်မရာဟာ 8K Video နဲ့ HDR10+ Footage တွေ ရိုက်ကူးနိုင်မှာပါ။ အမှောင်ထဲမှာ Exposure ပိုမြင့်မြင့် ဖမ်းနိုင်ဖို့နဲ့ ဗွီဒီယိုနဲ့ ဓါတ်ပုံတွေ ရိုက်ရာမှာ အရုပ်ပိုငြိမ်စေဖို့ Optical Image Stabilization (OIS) ရုပ်ငြိမ်စနစ်လည်း ပါဝင်ပါတယ်။ OIS ရုပ်ငြိမ်စနစ်အပြင် မျက်စိအကြည့်ကို ခြေရာခံနိုင်မှု နဲ့ လှုပ်ရှားမှုအတိုင်း Tracking လုပ်ပြီး Autofocus စနစ်လိုမျိုး အဆင့်မြှင့် Features တွေပါ ထည့်သွင်းထားပါတယ်။ 

Xiaomi 12T Pro ဟာ 200MP Main Sensor နဲ့အတူ 1/4" sensor (1/1.12µm pixels) ၊ f/2.2 ၁၂၀ ဒီဂရီ မှန်ဘီလူးပါတဲ့ 8MP Ultrawide ကင်မရာနဲ့ 2MP Macro ကင်မရာတို့ သုံးထားပါတယ်။ ရှေ့ဘက်မှာ 20MP (1/3.47”, 0.8µm, f/2.24 နဲ့ 78° lens ) ဆယ်လ်ဖီကင်မရာ ပါရှိပြီး ဖုန်းလုံခြုံရေးအတွက် မှန်ပြင်အောက်လက်ဗွေဖတ်စနစ်တစ်ခုလည်း ပါရှိပါတယ်။ ဖုန်းမှာ စတီရီယိုစပီကာတွေ ပါရှိပြီး Harman Kardon နဲ့ Dolby Atmos Support ပေးထားပါတယ်။ 

Display ပိုင်းမှာ ၆.၆၇ လက်မ AMOLED Panel ၊ 1220 x 2712px ရုပ်ထွက်နဲ့ လာပြီး 120Hz Refresh Rate သုံးပေးထားပါတယ်။ Refresh Rate ဟာ 30 , 60 , 90 နဲ့ 120Hz modes ဆိုပြီး အလိုအလျောက် ပြောင်းလဲနိုင်မှာပါ။ 12-bit panel ဟာ HDR10+ နဲ့ Dolby Vision တို့ အထောက်အပံ့ပေးထားပြီး အမြင့်ဆုံး တောက်ပမှု 900nits အထိ ရှိသလို မှန်ပြင်အပေါ်ကို Gorilla Glass 5 မှန်နဲ့ အုပ်ထားပါတယ်။ 

Xiaomi 12S Series နဲ့ တူတဲ့ အချက်က Xiaomi 12T Pro ဟာ Snapdragon 8+ Gen 1 Chipset နဲ့ မောင်းနှင်ပါတယ်။ ဖုန်းအပူထိန်းချုပ်နိုင်ဖို့ Vapor Chamber သုံးထားပြီး အရင် Xiaomi 11T Pro ထက် Xiaomi 12T Pro မှာ သုံးတဲ့ Vapor Chamber ထက် ၆၅% ပိုကြီးပြီး အပူခံအရာဝတ္ထုလည်း ၁၂၅% ပိုများမယ်လို့ ဆိုပါတယ်။ RAM/Storage အနေနဲ့ LPDDR5 RAM 8GB ၊ 128GB UFS 3.1 Storage ၊ 8/256GB နဲ့ 12/256GB Storage စနစ်တို့ သုံးထားပါတယ်။ ဖုန်းဆော့ဖ်ဝဲလ်ပိုင်းကိုတော့ Android 12 ကို အခြေခံထားတဲ့ MIUI 13 နဲ့ လာပါတယ်။ 

Photo: GSMArena


Xiaomi 12T Pro မှာ အတော်လေး ကြီးတဲ့ 5000mAh ဘက်ထရီ ၊ 120W Fast Charging တို့နဲ့ လာပါတယ်။ ဖုန်းဗူးထဲမှာ Power Brick တစ်ခုလည်း ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါကြီးပေမယ့် 120W Charging ကြောင့် အားသွင်းဖို့အတွက် ၁၉ မိနစ်ပဲ ကြာမယ်လို့ ဆိုပါတယ်။ တခြားဆက်သွယ်ရေးစနစ်အနေနဲ့ WiFi 6 (ax) ၊ Bluetooth 5.2 နဲ့ NFC အပြင် 5G ကွန်ရက်ချိတ်ဆက်မှုနဲ့ Dual SIM တစ်ခုလည်း ပါဝင်ပါတယ်။ 

Xiaomi 12T Pro ကို အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး Xiaomi ရဲ့ တရားဝင်ချန်နယ်တွေကနေ ရောင်းချသွားမှာပါ။ 8/128GB မော်ဒယ်ကို ယူရို ၇၅၀ (မြန်မာငွေ ၁၅ သိန်းခွဲကျော်) ၊ 8/256GB Storage ကို ယူရို ၈၀၀ (မြန်မာငွေ ၁၆ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က