အီတလီလက်ရွေးစင် နည်းပြ မန်စီနီက သူတို့အနေနဲ့ နောက်ဆုံး (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့တဲ့အကြောင်းကို ပြန်လည်စဥ်းစားနေမှာမဟုတ်ဘဲ လုပ်စရာရှိတာကိုပဲ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီတလီဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့အတွက်လည်း ခက်ခဲတဲ့ ပလေးအော့ဖ်အဆင့်ကို ဖြတ်သန်းရမှာပါ။
အီတလီအနေနဲ့ ဒီကနေ့ည မြောက်မက်ဆီဒိုးနီးယားကို အနိုင်ရရှိခဲ့ရင် တဖက်မှာ ပေါ်တူဂီနဲ့တူရကီတို့ထဲက တသင်းသင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုရဲ့ ပေါ်တူဂီပဲ ကမ္ဘာ့ဖလားနဲ့ လွဲမလား၊ နာမည်ကြီး အီတလီပဲ ကမ္ဘာ့ဖလားနဲ့ နှစ်ကြိမ်ဆက် လွဲမလား အားလုံးက စိတ်ဝင်စားနေကြပါတယ်။
အီတလီဟာ မြောက်မက်ဆီဒိုးနီးယားကိုတော့ သေချာပေါက် အနိုင်ရမယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ ဒီအပေါ်မှာတော့ မန်စီနီက “ကျနော်တို့က ပွဲစရင် ၀-၀ ဆိုတဲ့ရလဒ်ကပဲ စတာပါ။ ဒီတော့ မိနစ် (၉၀) အတွင်း ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒီလိုပွဲတွေမှာ ရေပန်းစားတဲ့အသင်းဆိုတာ မရှိပါဘူး။ မြောက်မက်ဆီဒိုးနီးယားကလည်း ကောင်းကောင်းခုခံမှာပါ”
“ပြီးတော့ သူတို့က နည်းစနစ်လည်းကောင်းပါတယ်။ ခြေစစ်ပွဲအုပ်စုအဆင့်မှာ သူတို့ ဂျာမနီကို အဝေးကွင်းမှာ နိုင်ခဲ့တာ မမေ့ပါနဲ့။ ကျနော်တို့ စိတ်ရှည်ရပါမယ်။ (၂၀၁၈) ကမ္ဘာ့ဖလားကို လွဲခဲ့တာက ဒီမှာ အကျိုးကျေးဇူးရှိစေမလား မပြောတတ်ပါဘူး။ ဒါတွေက အားကစားသမားတယောက်ရဲ့ ဘဝအစိတ်အပိုင်းတခုပါ”
“စိတ်လှုပ်ရှားစရာနဲ့ စိတ်ပျက်စရာ အခိုက်အတန့်တွေရှိနေပါလိမ့်မယ်။ ကျနော်တို့ ကိုယ်လုပ်ရမယ့်အရာအပေါ်မှာပဲ အာရုံစိုက်ထားရပါမယ်။ အီတလီအနေနဲ့ ဘယ်လိုကစားရမလဲဆိုတာ ကျနော်တို့ ကောင်းကောင်းသိပါတယ်။ ကိုယ့်အကြောင်းကိုပဲ စဥ်းစားပြီး အခြားအရာတွေ ခေါင်းထဲမထည့်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။