စမတ်နာရီဈေးကွက်အတွက် စိတ်လှုပ်ရှားစရာ ပြိုင်ဘက်တစ်ယောက် တိုးလာပြီလို့ ဆိုရမှာပါ။
Business Insider သတင်းအရ လာမယ့် ၂၀၂၂ ခုနှစ်မှာ Google ကနေ ပထမဆုံးကိုယ်ပိုင်စမတ်နာရီတစ်မျိုး ထုတ်လုပ်ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ Google ဟာ Pixel တံဆိပ်နဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်နေပေမယ့် အခုထိ Google စမတ်နာရီဆိုပြီး ထုတ်လုပ်ခြင်း မရှိသေးပါဘူး။ Google ဟာ ၂၀၁၄ ခုနှစ်ကစလို့ စမတ်နာရီနဲ့ တခြား wearable ထုတ်ကုန်တွေအတွက် Android OS ဗားရှင်းဖြစ်တဲ့ WearOS ကို ထုတ်လုပ်ပေးထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
Photo: Android Headlines
၂၀၂၂ မှာ မြင်ရမယ့် Google နာရီကို Rohan ဆိုပြီး ကုဒ်နာမည်ပေးထားပြီး Google ရဲ့ Pixel hardware အဖွဲ့ကနေ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ Google ဟာ အခုနှစ် နှစ်ဆန်းပိုင်းက နာမည်ကြီး Fitbit စမတ် wearable ကုမ္ပဏီကို ဒေါ်လာ ၂.၁ ဘီလျံပေး ဝယ်ထားပေမယ့် ကုမ္ပဏီရဲ့ပထမဆုံး စမတ်နာရီကို Pixel Hardware အဖွဲ့သားတွေနဲ့ပဲ ထုတ်လုပ်သွားဖို့ ရှိနေတာပါ။
နာရီကို Pixel Watch လို့ နာမည်ပေးသွားမလားဆိုတဲ့အချက်တော့ မသိရသေးပါဘူး။ ဒီထုတ်ကုန်ဟာ Pixel ဖုန်းတွေလိုပဲ တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်လာပြီ Fitbit နာရီတွေထက် ဈေးပိုကြီးမှာပါ။ The Verge ရဲ့ သတင်းအရင်းအမြစ်တွေအရ Google စမတ်နာရီဟာ လက်ရှိဈေးကွက်ထဲက ထိပ်တန်းစမတ်နာရီအမှတ်တံဆိပ် Apple Watch ကို တိုက်ရိုက်ဦးတည်ပြီး ထုတ်လုပ်လာမယ်လို့ ဆိုပါတယ်။
Google စမတန်နာရီသစ်မှာ နာရီအိုးအဝိုင်း ဒီဇိုင်း သုံးလာပြီး ခြေလှမ်းအရေအတွက် တိုင်းတာတာ ၊ နှလုံးခုန်နှုန်းစောင့်ကြည့်တာ စတဲ့ အခြေခံ Fitness Tracking Features တွေ ပါဝင်မယ်လို့ ဆိုပါတယ်။ လက်ရှိကြားနေရတဲ့ သတင်းတွေအရ နေ့စဉ် ပုံမှန်အားသွင်းပေးဖို့ လိုမယ်လို့ ဆိုတာကြောင့် ဘက်ထရီအားခံမှုနဲ့ပတ်သက်ပြီး သိပ်မျှော်လင့်မထားဖို့ လိုမှာပါ။ Google စမတ်နာရီသစ် မိတ်ဆက်မှုမှာ WearOS နဲ့ Fitbit တို့ရဲ့ ပေါင်းစည်းမှုကိုပါ မြင်ရဖို့ ရှိပါတယ်။