ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ အီလွန်မတ်စ်ရဲ့ Neuralink ဦးနှောက်ကြားခံနည်းပညာကုမ္ပဏီဟာ လာမယ့်နှစ်ကစပြီး လူသားတွေမှာ microchips တွေ ထည့်သွင်းမှု စတင်သွားဖို့ မျှော်လင့်ထားပါတယ်။
Neuralink ဟာ ၂၀၁၆ ခုနှစ်က အီလွန်မတ်စ် တည်ထောင်ထားတဲ့ ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ခေါင်းထဲ ထည့်နိုင်တဲ့ Microchip တွေ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတာပါ။ Neuralink ထုတ် Microchip တွေဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ်မှတ်တမ်းတင်ပြီး လှုံ့ဆော်နှိုးဆွမှုတွေ လုပ်နိုင်အောင် လူ့ဦးနှောက်ထဲ ထည့်စိုက်ရမှာ ဖြစ်ပါတယ်။

Photo: Science Times
ဒီနည်းပညာဟာ ကျောရိုးမကြီးတွေ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားသူတွေနဲ့ အာရုံကြောမူမမှန်မှုဆိုင်ရာ ဝေဒနာရှင်တွေကို ကုသရာတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။ တနင်္လာနေ့က Wall Street Journal ရဲ့ CEO Council Summit နဲ့ တိုက်ရိုက် Live အင်တာဗျူးမှာ မတ်စ်က Neuralink ဟာ ၂၀၂၂ မှာ လူ့ခေါင်းထဲ ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့ ဖြေထားပါတယ်။
"Neuralink က မျောက်တွေနဲ့ စမ်းသပ်ရာမှာ အလုပ်ကောင်းကောင်းလုပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ စမ်းသပ်မှုတွေ အများကြီး လုပ်နေကြပါတယ်။ စိတ်ချရပြီး ဘေးလည်း အလွန်ကင်းတယ်လို့ အတည်ပြုချက်တွေ ရထားပါတယ်။ Neuralink ထုတ်ကုန်က ခေါင်းထဲက ဖယ်ရှားရာမှာလည်း ဘေးကင်းကင်းနဲ့ ဖယ်ရှားနိုင်ပါတယ် " လို့ မတ်စ်က ဆိုပါတယ်။
လာမယ့်နှစ်ကစလို့ ကိုယ်လက်အင်္ဂါတွေ မလှုပ်ရှားနိုင်တဲ့ Tetraplegics နဲ့ Quadriplegics လိုမျိုး ဆိုးဝါးတဲ့ ကျောရိုးထိခိုက်ဒဏ် ခံစားရသူတွေမှာ Neuralink ရဲ့ နည်းပညာကို ပထမဆုံး အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း မတ်စ်က ပြောပါတယ်။ လောလောဆယ် FDA ရဲ့ အသိအမှတ်ပြု ထောက်ခံချက် စောင့်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။ မတ်စ်ဟာ Neuralink ထုတ်ကုန် လူမှာ သုံးမယ့်အချိန်အတိုင်းအတာကို အခုတစ်ကြိမ်နဲ့ဆို သုံးကြိမ်တိုင် ပြောင်းရွှေ့ခဲ့ဖူးပါတယ်။
Photo: dailynationtoday
၂၀၂၁ ဖေဖော်ဝါရီလထဲမှာ ၂၀၂၁ နှစ်အကုန် လူခေါင်းထဲ Neuralink ထည့်နိုင်မယ်လို့ ပြောထားပြီး ၂၀၁၉ မှာ Neuralink ကို ၂၀၂၀ နှစ်ကုန်ကစပြီး လူတွေမှာ စမ်းသပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ လူနဲ့ စမ်းသပ်သွားမယ့်ကိစ္စ ကြန့်ကြာနေဆဲ ဖြစ်ပေမယ့် Nerualink ထုတ်ကုန် ထည့်ထားတဲ့မျောက်တစ်ကောင် Video Game ကစားနေတဲ့ ဗွီဒီယိုကို Neuralink က ဧပြီလထဲမှာ ဖော်ပြခဲ့ပါတယ်။