• ၂၀၂၃ မှာ ဖုန်းအလုံးရေ သန်း ၂၇၀ ရောင်းချနိုင်ဖို့ Samsung ပစ်မှတ်ထား

၂၀၂၂ ခုနှစ်မှာ ဖုန်းအလုံးရေ သန်း ၂၆၀ ဝန်းကျင် ရောင်းချနိုင်ဖို့ ရှိပါတယ်
[Zawgyi Version]

ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီနေရာမှာ ရှိနေတဲ့ Samsung ဟာ ၂၀၂၃ ခုနှစ်မှာ ဖုန်းအလုံးရေ သန်း ၂၇၀ အထိ ရောင်းချနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ 

ဒီနှစ်ထဲမှာ Samsung ဟာ စမတ်ဖုန်းအလုံးရေ သန်း ၂၆၀ ဝန်းကျင် ရောင်းချရဖို့ မျှော်လင့်ထားပြီး ၂၀၂၃ မှာ အခုနှစ်ထက် ၁၀ သန်း ပိုရောင်းချနိုင်အောင် ရည်ရွယ်ထားတာလို့ တောင်ကိုရီးယားက လာတဲ့သတင်းတစ်ပုဒ်ကို ကိုးကားပြီး GSMArena သတင်းက ဖော်ပြထားပါတယ်။ Samsung အနေနဲ့ ၂၀၁၇ ခုနှစ်ထဲမှာ စမတ်ဖုန်းရောင်းအား သန်း ၃၂၀ အထိ စံချိန်တင်ရောက်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ဖုန်းရောင်းအား သန်း ၃၀၀ ကျော်လာခြင်း မရှိတော့ပါဘူး။

Photo: Samsung


လက်ရှိ ခန့်မှန်းချက်တွေအရ ၂၀၂၂ ခုနှစ်ထဲမှာ Samsung ဖုန်းအလုံးရေ သန်း ၂၆၀ ရောင်းချနိုင်ဖို့ ရှိပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် အလုံးရေ ၁၀ သန်းခန့် ပိုများလာတာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာလည်း နောက်ထပ် ဖုန်းအလုံးရေ ၁၀ သန်း ပိုရောင်းချနိုင်ဖို့ ကုမ္ပဏီက မျှော်လင့်ထားတာပါ။ လာမယ့် ၂၀၂၃ ခုနှစ်ထဲမှာ Samsung ဟာ ရောင်းအားထက် အမြတ်ပိုကျန်စေမယ့် တန်ဖိုးမြင့် ခေါက်သိမ်းနိုင် Foldable စမတ်ဖုန်းတွေဘက်ကို ပိုပြီး အာရုံစိုက်သွားဖို့ ရှိပါတယ်။

ဈေးသက်သာတဲ့ ထုတ်ကုန်တွေများများ ရောင်းပြီး အမြတ်ရှာဖို့ထက် ပရီမီယံထုတ်ကုန်ရောင်းအားအချိုးကို တိုးပြီး အမြတ်ကို ကာကွယ်ဖို့ အပြောင်းအလဲတွေ လုပ်လာတော့မှာပါ။ လက်ရှိ Foldable ဈေးကွက်ထဲမှာလည်း ကုမ္ပဏီကို ယှဉ်နိုင်မယ့် ပြိုင်ဘက်တွေ မရှိသေးတာကြောင့် ၂၀၂၄ အရောက်မှာ Foldable ထုတ်ကုန်တွေရဲ့ နှစ်အလိုက် ပျမ်းမျှဖွံ့ဖြိုးမှုဟာ ၈၀% ရောက်လာမယ်လို့လည်း မှန်းထားပါတယ်။ 

Samsung ဟာ လာမယ့်နှစ်အတွင်းမှာ A စီးရီးထုတ်ကုန် သန်း ၂၁၀ ၊ တန်ဖိုးကြီး Galaxy S နဲ့ Z စီးရီး ထုတ်ကုန်အလုံးရေ သန်း ၆၀ ရောင်းချနိုင်ဖို့ မျှော်မှန်းထားတာပါ။ Samsung နဲ့ ပြိုင်ဘက် Foldable ဖုန်းထုတ်နေတဲ့ တရုတ်ဖုန်းကုမ္ပဏီတွေကလည်း နိုင်ငံတကာဈေးကွက်ထဲ သူတို့ရဲ့ ထုတ်ကုန်ကို ထိုးဖောက်မိတ်ဆက်လာခြင်း မရှိသေးပါဘူး။ လောလောဆယ် နိုင်ငံတကာ Foldable ဖုန်းဈေးကွက်မှာ Samsung က တစ်ကောင်တည်းပြေးနေပေမယ့် နောက်ပိုင်း ပြိုင်ဘက်တွေ ဝင်ရောက်လာမယ်ဆိုရင် ဈေးနှုန်းနဲ့ ပြိုင်ဆိုင်မှုတွေက Samsung အတွက် စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။ 

Photo: GSMArena


လောလောဆယ် ထွက်ပေါ်နေတဲ့ သတင်းတွေအရ ၂၀၂၃ ခုနှစ်မှာ ထွက်လာမယ့် Samsung Galaxy Z Flip နဲ့ Fold ထုတ်ကုန်တွေဟာ ဒီဇိုင်းပိုင်း ပိုသပ်ရပ်ကောင်းမွန်လာပြီး ကြံ့ခိုင်မှုပိုင်း ပိုသာလွန်လာပါမယ်။ Screen တွန့်ရာတွေ တွေ့မြင်ရဖို့လည်း နည်းလာနိုင်တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...