ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ၃-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ဘာစီလိုနာအသင်းကတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ပွဲမတိုင်မီ ဘာစီလိုနာ ဝါရင့်နောက်ခံလူ ဂျရတ် ပီကေးက ဒီပွဲစဉ်ဟာ ချန်ပီယံလိဂ်နောက်တဆင့်တက်ရောက်နိုင်ဖို့အတွက် အနိုင်ရလဒ်တစ်ခုတည်းကသာ အသက်ဆက်ပေးနိုင်မယ့် အရာဆိုတာ သိရှိနေတယ်လို့ သတိပေးခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့တရားဝင် တွစ်တာအကောင့်ကလည်း မြူးနစ်မှာ သူသေကိုယ်သေပဲဆိုတဲ့အဓိပ္ပာယ်ရတဲ့စာကို တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ဧည့်သည် ဘာစီလိုနာအသင်းကို ကောင်းကောင်း အမဲဖျက်သွားခဲ့ပြီး ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၀၀-၂၀၀၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး နည်းပြ ဇာဗီဟာ ဘိုင်ယန်နဲ့ပွဲမတိုင်မီ အသင်းကို ပြုပြင်ပြောင်းလဲဖို့ ၃ ပွဲသာ အချိန်ရရှိခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ ဇာဗီက အသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရမှုကြောင့် ဒေါသထွက်ခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဘာစီလိုနာဟာ ချန်ပီယံလိဂ်အစား နှစ်သစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင် ကစားသွားရတော့မှာ ဖြစ်ပါတယ်။
"ကျွန်တော် ဒေါသထွက်နေတယ်။ ဒါက ပကတိအမှန်တရားဖြစ်ပြီး အဲဒါက ကျွန်တော့်ကို စိတ်ဆိုးဒေါသဖြစ်စေတယ်။ ကျွန်တော်တို့ အဲဒါကို ရင်ဆိုင် ဖြေရှင်းရမှာပါ။ အဲဒီအပြင် တခြားလုပ်စရာဘာမှမရှိပါဘူး။ ဒီနေ့ ခေတ်သစ် စတင်ပါပြီ။ ကျွန်တော်တို့ သုညကနေ စတင်ပါတော့မယ်"
"ကျွန်တော် အရမ်းပြင်းထန်လွန်းတဲ့ ပကတိအမှန်တရားကို မြင်ခဲ့ရတယ်။ ကံဆိုးစွာနဲ့ တစ်ခါတရံ ကျွန်တော် အဲဒီ ပကတိအမှန်တရားနဲ့အတူ ကစားသမားအဖြစ်နဲ့လည်း နေထိုင်ခဲ့ရဖူးပြီး ကစားသမားတွေကို ကျွန်တော် ပြောခဲ့တာက ငါတို့တွေ အခြေကျအောင် မလုပ်ရသေးဘူး။ ငါတို့တွေ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ ထုတ်ဖော်ရမယ်။ အဲဒါကို လုပ်နိုင်မယ်လို့ ယူဆဖို့အတွက် ခက်ခဲပေမယ့် အဲဒါက လုပ်ဖို့ရှိနေတာဖြစ်ပြီး ကျွန်တော်တို့ ဒီကနေပဲ စတင်ဖို့ လိုအပ်ပါတယ်"
"ကျွန်တော်တို့ ပိုကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကျွန်တော်တို့ ရိုးသားမှုရှိရမှာဖြစ်ပြီး အရာအားလုံး ကျွန်တော်တို့ဆီမှာ ကင်းမဲ့နေခဲ့တယ်။ သူတို့က ပိုမိုကောင်းမွန်တယ်။ ပိုမို သာလွန်ပြီး ကျွန်တော်တို့ ကြိုးစားပြီး ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ခဲ့ပေမယ့် သူတို့တွေက ကျွန်တော်တို့ကို ခုခံနိုင်ခဲ့တယ်။ ကျွန်တော်တို့ လိုချင်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး ဒါက ပြင်းထန်လွန်းတဲ့ ပကတိအမှန်တရားပါပဲ"လို့ ပြောကြားခဲ့ပါတယ်။