ဗြိတိန်အစိုးရကတော့ 5G ကွန်ရက်မှာ Huawei ကို သုံးလို့စိုးရိမ်စရာ သိပ်မရှိဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။
Financial Times ကနေ ဗြိတိန်အမျိုးသား ဆိုက်ဘာလုံခြုံရေးစင်တာ NCSC နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ် ၂ ခုကို ကိုးကားပြီး Huawei Technologies ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို 5G ကွန်ရက်မှာ သုံးလို့ဖြစ်လာမယ့် ဘေးအန္တရာယ်တွေကို NCSC အနေနဲ့လျှော့ချနိုင်တယ်လို့ဖော်ပြထားပါတယ်။

Photo: straitstimes
"တစ်ခြားနိုင်ငံတွေလည်း အမျိုးသား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ဗြိတိန်ဘက်က စိတ်ချယုံကြည်မှု ရှိမယ်ဆိုရင် သူတို့လည်းပဲ သူတို့ပြည်သူတွေနဲ့အမေရိကန်အစိုးရပိုင်းကို သူတို့ရဲ့ တယ်လီကွန်း service providers တွေမှာ တရုတ်ပစ္စည်းအစိတ်အပိုင်းတွေကို သုံးခွင့်ပြုဖို့သမာသမတ်ကျကျ လုပ်ဆောင်ဖို့စဉ်းစားလာပါလိမ့်မယ်။အခု ဗြိတိန်ဘက်က လက်ခံထားတဲ့ တင်ကြိုသတိပေးမှုမျိုး လုပ်မယ်ဆိုရင်ပေါ့"လို့Financial Times က ဆိုပါတယ်။
တယ်လီကွန်း ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ ZTE Corp ကလည်း Huawei နဲ့အတူ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်ဆိုတဲ့ အမေရိကန်ဘက်မှ စွပ်စွဲမှုခံထားရပါတယ်။ ဒီစွပ်စွဲချက်တွေကို Huawei ဘက်ကတော့ အစဉ်တစိုက် ငြင်းဆန်ထားပါတယ်။
Photo: Nikkei Asian Review
ဖေဖော်ဝါရီလဆန်းပိုင်းကပဲ ဗြိတိန်နိုင်ငံခြားထောက်လှမ်းရေးဆိုင်ရာ အကြီးအကဲချုပ် အဲလက်ယန်းဂါးကတော့ 5G မိုဘိုင်းလ်ကွန်ရက်သစ်မှာ သုံးမယ့် ပစ္စည်းတွေကို ကုမ္ပဏီတစ်ခုတည်းက မှာယူတာမျိုးကို ရှောင်ရှားသင့်ပြီး Huawei ပစ္စည်းအစိတ်အပိုင်းတွေ သုံးမယ့်အပေါ် စိုးရိမ်ရသလားဆိုတာကိုတော့ ဖြေရခက်တယ်လို့ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာလည်း GSMA မိုဘိုင်းအော်ပရေတာအဖွဲ့အစည်းကြီးဟာ Huawei ပေါ် ပိတ်ပင်တားမြစ်မယ်ဆိုတဲ့ သတင်းများကို ငြင်းဆန်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာတော့ Huawei ရဲ့ 5G ကွန်ရက်ပစ္စည်းစမ်းသပ်မှုကို ထိုင်းနိုင်ငံမှာ ပထမဆုံး စတင်ထားပြီး ထိုင်းတယ်လီကွန်းအော်ပရေတာတွေနဲ့လာမယ့် ၂၀၂၀ ဒီဇင်ဘာမှာ 5G ကွန်ရက်ကို တစ်နိုင်ငံလုံးမှာ ဖြန့်ချိဖို့ဆွေးနွေးနေကြပါတယ်။