• 5G မူပိုင်ခွင့် လိုင်စင်ချိုးဖောက်မှုနဲ့ Apple ကို Ericsson တရားစွဲ

Ericsson ဟာ မကြာသေးခင်ကပဲ Samsung နဲ့ ဖြစ်ခဲ့တဲ့ 5G အမှုတစ်ခုမှာ အမှုနိုင်ထားပါတယ်။

iPhone မှာ သုံးတဲ့ 5G Wireless နည်းပညာ သုံးစွဲမှုအတွက် Apple ကို Ericsson က မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲထားပါတယ်။ 

ဆွီဒင်ဆယ်လူလာဆက်သွယ်ရေး ကုမ္ပဏီ Ericsson ဟာ အောက်တိုဘာလက တက္ကဆက်အရှေ့ပိုင်းခရိုင်တရားရုံးမှာ Apple ကို တရားစွဲထားတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ ၇ နှစ်ကြာ လိုင်စင် သဘောတူညီချက်ကို နှုန်းထားအသစ်နဲ့ စာချုပ်သစ်ပြန်ချုပ်ဖို့ ဆွေးနွေးညှိနှိုင်းရာမှာ အဆင်မပြေဖြစ်ရာကနေ အခုလို တရားစွဲတဲ့အဆင့်အထိ ‌ရောက်လာခဲ့တာပါ။ နှစ်လခန့်အကြာမှာ Apple ဘက်ကလည်း Ericsson ဟာ မူပိုင်ခွင့်ပြန်ချုပ်ဆိုဖို့အရေး အတင်းအကြပ်ဖိအားသုံးတာမျိုး လုပ်တယ်ဆိုပြီး တရားပြန်စွဲထားပါတယ်။

image

Photo: gizchina


၂၀၁၅ လိုင်စင်သဘောတူညီချက်ထဲမှာ iPhone တွေမှာ သုံးတဲ့ 2G ၊ 3G နဲ့ 4G နည်းပညာ မူပိုင်ခွင့်တွေ ပါဝင်ပါတယ်။ ၂၀၂၁ အပြီး သက်တမ်းကုန်သွားတဲ့ လိုင်စင်ကြေ အပေါ် ဆွေးနွေးညှိနှိုင်းမှုလုပ်ရာမှာ Ericsson ဘက်က iPhone တစ်လုံးအတွက် ၅ ဒေါ်လာနှုန်း လိုင်စင်ကြေး တောင်းခဲ့ပြီး ဒီနှုန်းထားကို Apple ဘက်က များလွန်းတယ်ဆိုပြီး ပေးဖို့ ငြင်းခဲ့တာ ဖြစ်ပါတယ်။ အမှုကို တက္ကဆက်ခရိုင် အရှေ့ပိုင်းတရားရုံးအပြင် တက္ကဆက်အနောက်ပိုင်းခရိုင် နဲ့ ဂျာမနီအပါအဝင် တရားနိုင်ငံတွေမှာပါ Ericsson က စွဲဆိုထားတာလို့ GSMArena က ဖော်ပြပါတယ်။

"အရင်ချုပ်ဆိုထားတဲ့ သဘောတူညီချက်က သက်တမ်းကုန်သွားပါပြီ။ နောက်လိုင်စင်သစ်မှာ ပေးမယ့် အတိုင်းအတာနဲ့ စည်းကမ်းချက်တွေ သတ်မှတ်ရာမှာ သဘောတူညီချက် မရခဲ့ပါဘူး။ အခု Apple က လိုင်စင်မရှိဘဲ ကျွန်တော်တို့နည်းပညာတွေ သုံးနေပါတယ်။" လို့ Ericsson ပြောရေးဆိုခွင့်ရှိသူက Reuters ကို ပြောပါတယ်။ 

နောက်ထပ် အမှုနှစ်မှုလည်း စွဲဆိုထားပြီး တစ်ခုက မူပိုင်ခွင့် ၄ ခု ၊ နောက်တစ်မှုက မူပိုင်ခွင့် ၈ ခုနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ အရင်အမှုမှာ မူပိုင်ခွင့်ချိုးဖောက်တဲ့ ထုတ်ကုန်တွေ တင်ပို့ရောင်းချခွင့်ကို ပိတ်ပင်ဖို့လည်း အမေရိကန်နိုင်ငံတကာကုန်သွယ်ရေးကော်ရှင်ကို တိုင်ကြားထားတယ်လို့ FOSS Patent မှ app developer တစ်ဦးဖြစ်တဲ့ ဖလော်ရီယန် မူလာက ပြောပါတယ်။ 

၂၀၂၁ ခုနှစ်အပြီးမှာ သက်တမ်းကုန်မယ့် လိုင်စင်သက်တမ်း တိုးရေးသဘောတူညီချက်ကိစ္စနဲ့ အခုလို တရားစွဲဆိုမှုတွေ ဖြစ်လာခဲ့တာပါ။ Apple အနေနဲ့ Intel ရဲ့ Modem လုပ်ငန်းကို ဝယ်ယူလိုက်ပြီးနောက် ကိုယ်ပိုင် 5G မူပိုင်ခွင့်တွေလည်း ပိုင်ဆိုင်ထားပါတယ်။ ကိုယ်ပိုင် 5G မူပိုင်ခွင့်တွေ ရှိသွားပြီ ဖြစ်တဲ့ Apple ဟာ ၂၀၁၅ လိုင်စင်နဲ့ စာရင် Ericsson ကို လိုင်စင်ကြေးပေးတာ လျှော့ချချင်နေတာလည်း ဖြစ်ပါတယ်။ Ericsson ဟာ မကြာသေးခင်ကပဲ Samsung နဲ့ ဖြစ်ခဲ့တဲ့ 5G အမှုတစ်ခုမှာ အမှုနိုင်ထားပါတယ်။ 

Photo: thesundaily


Apple - Ericsson အမှုဟာ Epic Games နဲ့ Apple တို့ ဖြစ်ခဲ့တဲ့အမှုကို ပြန်သတိရစရာ ဖြစ်နေပါတယ်။ Apple ဟာ ကုမ္ပဏီရဲ့ App Store ပေါ် လာရောင်းတဲ့ Developers တွေဆီက ကော်မရှင်ကြေး ၃၀% အထိ ကောက်ခံပါတယ်။ ကုမ္ပဏီထုတ် iPhone နဲ့ Gadgets တွေအတွက် တခြားကုမ္ပဏီတွေဆီက လိုင်စင်ခံထားတဲ့ မူပိုင်ခွင့်လိုင်စင်ကြေးကိုတော့ ထုတ်ကုန်ရဲ့ ၁% အောက်ပဲ ပေးတာ ဖြစ်ပါတယ်။ 

Ericsson ဟာ နည်းပညာမူပိုင်ခွင့်ပေါင်း ၅၇၀၀၀ ကျော် ပိုင်ဆိုင်ထားတဲ့ တယ်လီကွန်းကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်အမြတ်ငွေရဲ့ သုံးပုံတစ်ပုံဟာ မူပိုင်ခွင့်လိုင်စင်ကြေးတွေကနေ ရရှိတာ ဖြစ်ပါတယ်။ 5G မူပိုင်ခွင့်အတွက် Ericsson ဟာ ဖုန်းတစ်လုံးကို လိုင်စင်ကြေး ၂.၅ ဒေါ်လာကနေ ၅ ဒေါ်လာအထိ သတ်မှတ်ကောက်ခံတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က