OnePlus ရဲ့ တန်ဖိုးသင့် Nord စီးရီးထဲက ဒီဇိုင်းသစ်နဲ့ စွမ်းဆောင်ရည်မြှင့်ထားတဲ့ Nord CE2 5G ထွက်လာပြီ ဖြစ်ပါတယ်။
အိန္ဒိယဈေးကွက်မှာ စတင်မိတ်ဆက်လိုက်တဲ့ OnePlus Nord CE2 5G ဟာ OPPO Find X3 Pro ဆန်တဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံနဲ့ လာပြီး ကင်မရာနဲ့ Charging ပိုင်းတွေလည်း အဆင့်မြှင့်တင်ချက် လုပ်ဆောင်လာပါတယ်။ MediaTek Dimensity chipset နဲ့အတူ 4500mAh ဘက်ထရီ ၊ 65W Super VOOC Fast Charging ပံ့ပိုးမှုတို့လည်း သုံးထားတဲ့ ဖုန်းပါ။
Photo: GSMArena
အစောပိုင်းက ထွက်ခဲ့တဲ့ သတင်းတွေအတိုင်း မျက်နှာပြင်အရွယ်အစား ၆.၄၃ လက်မ FHD+ AMOLED Display နဲ့လာပါတယ်။ Screen Refresh Rate 90Hz ရှိပြီး အပေါ်ကနေ အကြမ်းခံ Corning Gorilla Glass 5 မှန် အုပ်ထားပါတယ်။ Mid-Ranger ဖြစ်တဲ့အတိုင်း Dimensity 900 Chipset သုံးထားပြီး RAM 6GB/8GB ဆိုပြီး ထွက်ထားပါတယ်။
OnePlus Nord CE2 5G မှာ internal storage 128GB နဲ့အတူ microSD Card ထည့်သုံးနိုင်အောင်ပါ စီမံထားပါတယ်။ ရှေ့ဘက် ဘယ်အပေါ်ထောင့် Punch-Hole ကင်မရာအိမ်ထဲမှာ 16MP Selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ 64MP main Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Macro Camera တို့ ပါရှိပါတယ်။
ကြိုးနားကြပ်တပ်နားထောင်ချင်သူတွေအတွက် 3.5mm Headphone Jack တစ်ခုလည်း ထည့်ပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ OxygenOS 11.3 နဲ့လာပါတယ်။ Gray Mirror နဲ့ Bahama Blue ကာလာသစ်တို့ ပါရှိပြီး 6/128GB ဗားရှင်းကို ၂၃၉၉၉ ရူပီး (မြန်မာငွေ ၅ သိန်း ၆ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။