ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ရည်းစားကောင်မလေးတွေဆီက ဘာတွေမျှော်လင့်ကြပါသလဲ။ ညနေရုံးဆင်းချိန်မှာအပေါင်းအသင်းတွေနဲ့ ဘီယာလေးဘာလေးသောက်နေချိန် ကိုယ့်ကို ကွိုင်လာမရှာတတ်တဲ့၊ ရွှေဘိုမင်းကြိုက်ပေါင်တံရှည်နဲ့ ခပ်ဟော့ဟော့ကောင်မလေးမျိုးကိုပဲ ယောကျ်ားလေးအများစု လိုချင်ကြမှာပါပဲ။
တချို့ယောကျ်ားလေးတွေကတော့ ဟာသဉာဏ်နဲ့ စူးစမ်းဆင်ခြင်နိုင်စွမ်းကိုပါ ထည့်သွင်းစဉ်းစားကြတယ်။ ကျွန်တော်အကြံပေးချင်တာ ကတော့ အိမ်မှုကိစ္စလုပ်ရတာကိုနှစ်သက်တဲ့ မိန်းကလေးမျိုးကိုရွေးချယ်ဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့… သူတို့က
စနစ်တကျ တွေးခေါ်လုပ်ဆောင်တတ်တယ်
အိမ်ထဲမှာ ပစ္စည်းတွေရှုပ်ယှက်ခတ်နေရင် သူတို့စိတ်လည်းမကြည်တတ်ပါဘူး။ တကယ်လို့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့အိမ်ကိုသန့်ရှင်းသပ်ရပ်အောင်ထားတတ်သူ၊ သူမရဲ့စာအုပ်တွေကို စာအုပ်စင်ပေါ်မှာ စီစီရီရီထားတတ်သူ၊ နောက်ပြီး အဝတ်အစားတွေကို ကြမ်းပေါ်မှာပြန့်ကျဲနေအောင် မထားတတ်သူဆိုရင် သူမရဲ့အတွေးအခေါ်တွေဟာလည်း စနစ်တကျရှိနေပါလိမ့့်မယ်။ အဲဒီလိုမိန်းကလေးမျိုးဟာ ခင်ဗျားကို အကြောင်းမရှိအကြောင်းရှာပြီး ထရစ်တာမျိုးတွေ၊ လူကြားသူကြားမှာ အော်ကြီးဟစ်ကျယ်လုပ်တတ်တာမျိုးတွေကို ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ အဲဒီတော့ ရုတ်တရက်ကြီး ရန်ထဖြစ်ရတာမျိုးတွေလည်း မရှိတော့ဘူးပေါ့။
နောက်ထပ်ကောင်းကွက်တစ်ကွက်ကတော့ သူမတို့ဟာ ချိန်းထားရင်နောက်ကျခဲပါတယ်။ တကယ်လို့ ခင်ဗျားသာ ဆိုးရွားတဲ့ရာသီဥတုမှာ ခင်ဗျားနဲ့ချိန်းထားတဲ့ကောင်မလေးကို နာရီပေါင်းများစွာ ရပ်စောင့်ဖူးမယ်ဆိုရင် ကျွန်တော်ဘာကိုဆိုလိုလဲဆိုတာကို နားလည်မှာပါ။
အရသာရှိတဲ့အစားအသောက်တွေ ချက်ပြုတ်တတ်တယ်
ဘာဂါတို့၊ ပီဇာတို့လိုအမြန်ရတဲ့အစားအသောက်တွေကို ဝယ်စားရတာ ငြီးငွေ့နေပြီလား။ စားသောက်ဆိုင်မှာသွားစားရတာက ချက်ပြုတ်ရတဲ့အလုပ်တို့၊ အိုးခွက်ပန်းကန်ဆေးကြောရတဲ့ အလုပ်တို့ကို သက်သာစေတာတော့အမှန်ပါပဲ။ ဒါပေမယ့် အိမ်မှာ ပူပူနွေးနွေးချက်ပြုတ်စီမံထားတဲ့ အစားအစာတွေကို စားရတာက ပိုမကောင်းဘူးလား။ ဘာဂါတွေ၊ လမ်းဘေးအကင်တွေစားဖို့မလိုတော့ပါဘူး။ ပူနွေးပြီးအရသာရှိတဲ့စွပ်ပြုတ်တွေ၊ အသားကင်တွေ၊ အသားကြော်တွေနဲ့ အိမ်လုပ်မုန့်တွေကိုပဲစားချင်ရင်တော့ အိမ်မှုကိစ္စဝါသနာပါတဲ့ မိန်းကလေးမျိုးကို ရွေးချယ်ဖို့လိုအပ်တယ်နော်။
သပ်ရပ်လှပနေအောင် စီမံခန့်ခွဲတတ်တယ်
သပ်ရပ်လှပတယ်ဆိုတာ ဈေးကြီးတဲ့အဝတ်အစားတွေ၊ တောက်ပြောင်တဲ့ဖိနပ်တွေကိုဆိုလိုတာ မဟုတ်ပါဘူး။ သူမကိုယ်သူမ ကြည့်ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ မိန်းကလေးတိုင်း အနည်းနဲ့အများသိကြပါတယ်။ ဒါပေမယ့် အိမ်မှုကိစ္စဝါသနာပါတဲ့ မိန်းကလေးတွေ ကတော့ ခင်ဗျားရဲ့ပုံပန်းသဏ္ဍာန်ကိုပါ ဂရုစိုက်ပေးကြပါလိမ့်မယ်။ အဲဒီလိုမိန်းကလေးမျိုးဟာ အင်္ကျ ီတစ်ထည်ကို ခေါက်ရိုးကျသပ်ရပ်နေအောင် ဘယ်လိုမီးပူတိုက်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ဒီတော့ အဲဒီလိုမိန်းကလေးမျိုးနဲ့သာ ခင်ဗျားချိန်းတွေ့မယ်ဆိုရင် သူတို့ညွှန်ကြားတဲ့အတိုင်းသာ ပြုံးပြုံးလေးနဲ့လိုက်လုပ်ရုံပါပဲ။ ပြီးတော့သူမလုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်စကားပြောဖို့လည်း မမေ့ပါနဲ့ဦး။
ကျန်းမာရေးကိုလည်း ဂရုစိုက်တတ်တယ်
ကျန်းမာရေးကောင်းဖို့ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားရုံတစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး။ လက်ကိုင်ပုဝါအဖြူတစ်ထည်ကိုယူပြီး ခင်ဗျားရဲ့အခန်းထဲမှာဖုန်မှုန့်တွေရှိမရှိ လိုက်စစ်ကြည့်ပါ။ ထောင့်ချိုးတွေ၊ စင်တွေပါ မကျန်ပါစေနဲ့။ မကြာခင်မှာပဲ ခင်ဗျားရဲ့အခန်းဟာ ဘယ်လောက်တောင်ညစ်ပေနေပြီလဲဆိုတာကို ခင်ဗျားသဘောပေါက်လာပါလိမ့်မယ်။ ဒါ့အပြင် အဲဒီဖုန်မှုန့်တွေဟာ ကျွန်တော်တို့အသက်ရှူလိုက်တိုင်း ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားမှာပါ။ ဖုန်မှုန့်တွေထဲမှာရောပါနေနိုင်တဲ့ အင်းဆက်ပိုးမွှားငယ်လေးတွေ၊ ဗိုင်းရပ်စ်ပိုးမွှားတွေနဲ့ အညစ်အကြေးတွေအကြောင်းတွေးကြည့်ပါ။ ဒါကြောင့်အခန်းထဲမှာ ဖုန်ထူနေတာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ ဂရုစိုက်တတ်တဲ့မိန်းကလေးကတော့ ဒါမျိုးဘယ်တော့မှအဖြစ်ခံမှာ မဟုတ်ပါဘူး။ သူမဟာ ဖုန်မှုန့်တွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိပြီး နောက်တစ်ခါ ထပ်ဖြစ်မလာအောင်လည်း တားဆီးပေးပါလိမ့်မယ်။
သူများတွေ ခင်ဗျားကို မနာလိုဖြစ်စေလိမ့်မယ်
သူမလို မိန်းကလေးမျိုးကို ရထားတဲ့အတွက် ခင်ဗျားရဲ့အသိမိတ်ဆွေတွေက (ခင်ဗျားတို့နှစ်ယောက်အတူရှိနေတဲ့အချိန်တိုင်းမှာ) ခင်ဗျားကို မနာလိုဖြစ်ကြပါလိမ့်မယ်။ ဒီအရည်အချင်းတွေက မိန်းကလေးတွေကိုဆွဲဆောင်မှုရှိစေပါတယ်။ အနားမှာရှိတဲ့လူတိုင်းကို အံ့သြငေးမောစေနိုင်ပါလိမ့်မယ်။ သူမတို့ကိုယ်တိုင် အိမ်မှာချက်ပြုတ်တဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်တွေက သူမတို့ရဲ့အသားအရေကို နူးညံ့ ချောမွတ်နေစေပါလိမ့်မယ်။ အိမ်သန့်ရှင်းရေးလုပ်ခြင်းကလည်း သူမတို့ရဲ့ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်သလိုပဲ အဆီကျသွယ်လျစေပါလိမ့်မယ်။ ဒါကြောင့် အဲဒီလိုအိမ်မှုကိစ္စစိတ်ဝင်စားတဲ့မိန်းကလေးမျိုးကို တွေ့ပြီဆိုရင် ဖမ်းသာဥထားလိုက်ပါ။ အဲဒီလို မိန်းကလေးမျိုးကို ဘယ်မှာသွားရှာရမလဲလို့ မေးလာရင်တော့ ခင်ဗျားရဲ့ပတ်ဝန်းကျင်ကို နောက်ထပ်တစ်ခေါက်လောက် သေချာပြန်ရှာကြည့်ပါလို့ပဲဖြေပါရစေ။ အဲဒီလိုမိန်းကလေးမျိုး အနည်းဆုံးတစ်ယောက်တော့ ခင်ဗျားဘေးနားမှာ ရှိနေမှာပါ။
Source: Top Banger