
ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာတော်သင်ဆုကို မြန်မာနိုင်ငံရှိ ဘွဲ့လွန်ကျောင်းသားနှစ်ဦးနဲ့ ကျောင်းသူတစ်ဦးရရှိတယ်လို့ သိရပါတယ်။
ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာကျွမ်းကျင်မှုတည်ဆောက်ရေးနဲ့ ကမ္ဘာ့အဆင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက် (WWF) ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့က နှစ်စဉ်ပညာသင်ဆုတွေ ပေးအပ်နေရာမှာ ယခုနှစ်အတွက် လျှောက်ထားသူ ၂၅ ဦးအနက် သုံးဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - သစ်တောတွေ စောင့်ရှောက်မှုနှုန်းတိုးမြှင့်ဖို့ အစိုးရကိုတိုက်တွန်းတဲ့အဆို ကန့်ကွက်သူမရှိ အတည်ပြု)

‘‘မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်တွေ ရွေးချယ်သင်ယူမှု နည်းနေပါသေးတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာ ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုရင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်လာမှာပါ။ အဲဒီအတွက် အရည်အချင်း ပြည့်ဝတဲ့ ပညာရှင်တွေ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ ပေါ်ထွက်လာအောင် အဖွဲ့က အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်ကူညီရခြင်းဖြစ်ပါတယ်’’ လို့ WWF မြန်မာမှ EFN ပညာသင်ဆုတာဝန်ခံကိုသီဟဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
ပညာသင်ဆု ပေးခဲ့တဲ့ ဘာသာရပ်တွေဟာ စက်ရုံထွက်ရေဆိုးစီမံခန့်ခွဲမှု ဘာသာရပ်၊ တောရိုင်းတိရစ္ဆာန်လေ့လာရေးသိပ္ပံ(အာရှဆင်ထိန်းသိမ်းရေးအထူးပြု) ဘာသာရပ်နဲ့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး စီမံခန့်ခွဲမှုဘာသာရပ်တွေ ဖြစ်ပါတယ်။
ပညာသင်ဆု ရွေးချယ်ခံရသူ သုံးဦးဟာ နယ်သာလန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်ရမှာ ဖြစ်ပါတယ်။
Photos & Source: 7Day Daily