စမတ်ဖုန်းတွေနဲ့ လူမှုကွန်ရက်တွေ ပိုမိုခေတ်စားလာတဲ့ ဒီခေတ်ကြီးမှာ ဆယ်လ်ဖီ(selfie) ရိုက်တယ်ဆိုတာ trend အသစ်တော့မဟုတ်တော့ပါဘူး။ စားသောက်ဆိုင်ကောင်းကောင်းတစ်ခုရောက်ရင် မှာထားတဲ့ အစားအသောက်တွေနဲ့ Food Selfie ရိုက်ကြမယ်။ သူငယ်ချင်းအုပ်စုလိုက်ဆုံရင် Usie လို့ခေါ်တဲ့ Group Selfie ရိုက်ကြမယ်။ ကားပိတ်တဲ့ မြို့ထဲမှာ သွားရင်းလာရင်း ယာဉ်ကြောပိတ်ဆို့နေရင် Traffic Selfie ရိုက်ကြမယ်။ ဆယ်လ်ဖီရိုက်နည်းပေါင်းများစွာရှိတဲ့အပြင် ဆယ်လ်ဖီ ရိုက်လို့ပိုကောင်းအောင်ဆိုပြီး ရှေ့ဘက်ကင်မရာပိုကောင်းအောင် လုပ်ပေးထားတဲ့ စမတ်ဖုန်းတို့၊ ဆယ်လ်ဖီတုတ်တံ (Selfie Stick) တို့လို အထောက်အကူပစ္စည်းတွေလည်း အများကြီးပါပဲ။ တချို့ဆို ဆယ်လ်ဖီရိုက်တင်ရင်းနဲ့ လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးလာပြီး Follower တွေအရမ်းများလာတဲ့အခါ Social Influencer အဖြစ် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေက သူတို့ရဲ့ကုန်ပစ္စည်းတွေကို ကြေညာပေးဖို့ငှားရမ်းခံရတဲ့အထိ ဖြစ်လာကြပါတယ်။ ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ ဆယ်လ်ဖီရဲ့ပါဝါကလည်း သေးတော့မသေးပါဘူး။
အဲဒီလို ဆယ်လ်ဖီတွေထဲမှာမှ နောက်ဆုံးဖြစ်လာတဲ့ ဆယ်လ်ဖီ trend တစ်ခုကတော့ divorce selfie ဆိုတာပါပဲ။ Divorce Selfie ဆိုတာ လင်မယားနှစ်ယောက် (ဒါမှမဟုတ်) သမီးရည်းစားနှစ်ယောက် ကွဲရှင်းပြတ်စဲကြတဲ့အခါ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ လမ်းမခွဲခင် လူမှုကွန်ရက်ပေါ်မှာရိုက်တင်တဲ့ selfie ပုံ တစ်မျိုးပါပဲ။
အဲဒီ divorce selfie ဟာ အနောက်နိုင်ငံတွေမှာခေတ်စားနေပြီး သမီးရည်းစားလမ်းခွဲဖို့ ပြောရင်တောင် ကပ်ကြေးနဲ့ထိုး၊ ဓားနဲ့ထိုးနေတဲ့ ဒီနိုင်ငံမှာတော့ ခေတ်မစားသေးပါဘူး။ တကယ်တမ်းကျတော့လည်း သမီးရည်းစားနှစ်ယောက် (သို့) လင်မယားနှစ်ယောက် ချစ်လို့အတူတူနေခဲ့ကြပြီး ရေစက်ကုန်လို့ လမ်းခွဲမယ့် အချိန်ရောက်တော့လည်း အမုန်းနဲ့လမ်းမခွဲဘဲ အပြုံးနဲ့လမ်းခွဲကြတာ ချစ်စရာကောင်းတဲ့အလေ့အထတစ်ခုပါပဲ။ အောက်မှာ Instagram ပေါ်မှာ ဖော်ပြခဲ့တဲ့ divorce selfie ပုံလေးတွေကို မျှဝေပေးထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း ပြောခဲ့ကြပါဦး။
Source: Instagram