ဘတ်စ်ကားဂိတ်မှာကားတူတူစောင့်နေရင်း ကိုယ့်ဘေးမှာထိုင်နေတဲ့သူက ဝက်သားတုတ်ထိုးဆိုင်က ခုလေးတင် ထလာမှန်း အလိုလိုသိနေတာမျိုးဖြစ်ဖူးလား။ ဒါမှမဟုတ် ရုပ်ရှင်ရုံထဲမှာ ဘေးထိုင်ခုံကလူရဲ့ကိုယ်နံ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရဖူးလား။ အဲဒီလိုကိုယ်နံ့ဆိုးရတာတွေက တစ်ကိုယ်ရည်သန့်ရှင်းရေးမရှိလို့ တစ်ခုတည်းကြောင့်မဟုတ်ဘဲ ကိုယ်နံ့ကိုဆိုးဝါးစေတဲ့ အစားအသောက်တွေကို စားမိလို့လည်း ပါပါတယ်။
ဘယ်သူမှတော့ ကောင်မလေးနဲ့ချိန်းတွေ့တဲ့ပထမဆုံးအခေါက်မှာ ဆိုးရွားတဲ့ကိုယ်နံ့နဲ့မျက်နှာသွားမပြချင် ပါဘူး။ ဆိုးဝါးတဲ့ကိုယ်နံ့က ခင်ဗျားရဲ့မိမိကိုယ်ကိုယုံကြည်မှုကိုလည်း ကျဆင်းစေနိုင်လို့ client အသစ်တွေနဲ့ တွေ့ရမယ့် အလုပ် meeting တွေကိုလည်း အဲဒီလိုပုံစံနဲ့သွားချင်မှာမဟုတ်ပါဘူး။ အောက်မှာဖော်ပြထားတဲ့ အစားအသောက်တွေက ခင်ဗျားရဲ့ကိုယ်နံ့ကို ဆိုးဝါးစေတဲ့အစားအသောက်တွေဖြစ်လို့ သတိပြုရှောင်ကြဉ်သင့်ပါတယ်။
၁။ အာလူးချောင်းကြော်
အာလူးချောင်းကြော်တို့၊ အသင့်စားကြက်ကြော်တို့လို ဆီကြော်မုန့်တွေက ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ဆိုးဝါးတဲ့ကိုယ်နံ့တွေနဲ့ကျန်ခဲ့စေရုံသာမက တစ်ခါတလေ အခန့်မသင့်ရင် အစာအိမ်နာကျင်ခြင်းကိုပါ ဖြစ်ပေါ်စေပါတယ်။ အဲဒီအမြန်ရတဲ့ဆီကြော်စာတွေထဲမှာ ပါဝင်တဲ့ဆီတွေ၊ အဆီဓာတ်တွေက ခင်ဗျားရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အနံ့ဆိုးတွေနဲ့ဖုံးလွှမ်းစေပါတယ်။
၂။ အချိုများတဲ့အစားအစာတွေ
ကိတ်တို့၊ သကြားများတဲ့ကွတ်ကီးတို့လို အချိုအရမ်းများတဲ့အစားအစာတွေက ခင်ဗျားခန္ဓာကိုယ် အောက်ပိုင်းမှာ အနံ့ဆိုးတွေကိုဖြစ်ပေါ်စေပါတယ်။ အဲဒီလိုဆိုးရွားတဲ့ဖြစ်ရပ်ဆိုးတွေကို ရှောင်ရှားဖို့ အသီးအရွက်တွေလို ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်တဲ့အစားအစာတွေကိုပဲ ရွေးချယ်စားသုံးသင့်ပါတယ်။
၃။ အစပ်များတဲ့အစားအသောက်တွေ
မနက်တိုင်းစားနေကျ မုန့်ဟင်းခါးပန်းကန်ထဲကိုထည့်ဖို့ စိတ်ကူးနေတဲ့ငရုပ်သီးမှုန့်ဇွန်းကို ခုချက်ချင်း လက်ကချလိုက်ပါ။ အစပ်များတဲ့အစားအစာတွေက ခင်ဗျားရဲ့ကိုယ်နံ့ကိုဆိုးဆိုးဝါးဝါး ဖြစ်စေပါတယ်။ အစပ်များတဲ့အစားအစာတွေက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေပေမယ့်လည်း အရေပြားပေါ်က ချွေးပေါက်တွေကနေ ပြန်ထွက်လာတဲ့အငွေ့တွေကြောင့် ကိုယ်နံ့ကိုဆိုးရွားစေပါတယ်။ နောက်ပြီး ပိုဆိုးတာက အဲဒီအနံ့တွေဟာ နာရီများစွာကြာအောင်စွဲနေနိုင်ပါတယ်။
၄။ ကြက်ဥ
ကြက်ဥမှာပါဝင်တဲ့ ဆာလ်ဖာ (sulfur) ဟာ သင့်ရဲ့ခန္ဓာကိုယ်မှာ နာရီအနည်းငယ်ကြာအောင်စွဲနေစေမယ့် ဆိုးရွားတဲ့ အနံ့ဆိုးတွေကိုဖြစ်စေပါတယ်။ ဒါကြောင့်ညနေပိုင်း meeting ရှိတယ်ဆိုရင် နေ့လည်စာမှာကြက်ဥ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
၅။ ကြက်သွန်ဖြူ
ကြက်ဥလိုပါပဲ။ ကြက်သွန်ဖြူဟာလည်း ဆာလ်ဖာပါဝင်မှုကြောင့် ခန္ဓာကိုယ်မှာဆိုးရွားတဲ့အနံ့တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ခေါက်ဆွဲသုပ်စားရင်း ကြက်သွန်ဖြူကိုက်တတ်တဲ့အကျင့်ရှိရင် သတိထားသင့်တာ အမှန်ပါပဲ။
၆။ ကလီစာ
ကလီစာမှာပါဝင်တဲ့ ကလိုရင်းဟာ trimethylamine (TMA) ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုထုတ်လုပ်ပေးပြီး တချို့လူတွေရဲ့ခန္ဓာကိုယ်က အဲဒီဓာတုပစ္စည်းကို မချေဖျက်နိုင်ပါဘူး။ ရလဒ်အနေနဲ့ ဆီး၊ တံထွေး၊ ခံတွင်းနံ့နဲ့ ချွေးနံ့တွေကို ဆိုးရွားစေပါတယ်။ အဲဒီလိုဖြစ်တာကို trimethylaminuria ရောဂါလို့ခေါ်ပြီး လူ (၂) သိန်းမှာမှ တစ်ယောက်လောက်ဖြစ်တတ်တဲ့ရှားပါးတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။
Source: bustle