ခုမှစတွေ့တဲ့ကောင်မလေးတစ်ယောက် ကိုယ့်ကိုအထင်ကြီးလာအောင် လုပ်တတ်ဖို့ဆိုတာ ဗျူဟာလိုပါတယ်။


သူငယ်ချင်းတွေဆုံဖြစ်တဲ့ပွဲတစ်ပွဲမှာ သူငယ်ချင်းတွေကခင်ဗျားကို ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်ဆိုကြပါစို့။ ကောင်မလေးကလည်း ကြည့်လို့ကောင်းပြီး စိတ်ဝင်စားဖို့လည်းကောင်းတယ် ဆိုကြပါစို့။ ဒီလိုကောင်မလေးမျိုးနဲ့စတွေ့တဲ့အချိန်မှာ ခင်ဗျားအနေနဲ့ first impression (စတွေ့တွေ့ချင်းအထင်အမြင်) ကောင်းချင်မှာအသေအချာပါပဲ။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ ယောကျ်ားလေးအများစုက ကိုယ်စိတ်ဝင်စားတဲ့မိန်းကလေးတွေရှေ့ရောက်ရင် ပျာယာတွေခတ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်တတ်တာပါပဲ။ ကောင်မလေးတစ်ယောက်ရှေ့မှာ သူအထင်ကြီးခံရအောင် နေတတ်ဖို့ဆိုရင် ဝတ်စားဆင်ယင်ပုံ၊ ကိုယ်ရည်ကိုယ်သွေး၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့စကားလုံးရွေးချယ်သုံးစွဲတတ်မှု စတဲ့အရည်အချင်းတွေ ပြည့်စုံနေဖို့လိုပါတယ်။ စတွေ့ကတည်းက ခင်ဗျားဟာလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်ဆိုတာကို ပြသနိုင်ဖို့လည်း အရေးကြီးပါတယ်။
၁။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိပါစေ



သူ့ရှေ့မှာစကားပြောရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိပါစေ။ လူအမြင်ကပ်လောက်အောင် စဆရကစတိုင်လ်ဖမ်းတာမျိုးတော့မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် ကိုယ်ပြောလိုက်တဲ့စကားလုံးတိုင်းကို သက်တောင့်သက်သာနဲ့ ယုံကြည်မှုအပြည့်ထည့်ပြီး ပြောနေမှန်းသိသာထင်ရှားပါစေ။ လူပျိုပေါက်စလေးလို ရေနွေးခွက်ကို လက်နဲ့တိုက်ချမိတာတို့၊ စကားကို အယောင်ယောင်အမှားမှားပြောမိတာတို့ မဖြစ်ပါစေနဲ့။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိကြောင်းဖော်ပြတဲ့အနေနဲ့ ပြုံးပြုံးလေးစကားပြောပါ။ ပြုံးပြတယ်ဆိုတာက ခင်မင်ရင်းနှီးမှုတစ်ခုတည်းကိုဖော်ပြတာမဟုတ်ပါဘူး။ သူ့နားမှာရှိနေရတာ ကိုယ့်အနေနဲ့ သက်တောင့်သက်သာရှိနေကြောင်းကိုဖော်ပြတာလည်း ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ သူ့ရဲ့စတွေ့တွေ့ချင်း အထင် အမြင်ကြီးမှု (Good first impression) ကိုရယူနိုင်ပါတယ်။

၂။ သူပြောသမျှကို အာရုံအပြည့်အဝစိုက်နေကြောင်းဖော်ပြပါ

လူမှုဆက်ဆံရေးမှာ အရေးအကြီးဆုံးအပြုအမူတစ်ခုက တစ်ဖက်လူပြောနေတဲ့စကားကို အာရုံအပြည့်စိုက်ပြီးနားထောင်နေကြောင်း ဖော်ပြတဲ့အပြုအမူပါပဲ။ ဒီအပြုအမူဟာ သူစိမ်းတွေနဲ့ဆက်ဆံရာမှာသာမက ရင်းနှီးတဲ့လူတွေနဲ့ဆက်ဆံရာမှာပါ အရေးကြီးပါတယ်။ ကိုယ်ကတလေးတစားနဲ့ပြောနေတဲ့စကားကို တဖက်လူက အာရုံမထားတာလောက် ရိုင်းပျတဲ့ အပြုအမူလည်းမရှိတော့ပါဘူး။ ဒါကြောင့်ခင်ဗျားအာရုံစိုက်နားထောင်နေကြောင်းဖော်ပြဖို့အတွက် သူ့မျက်လုံးကိုတည့်တည့်စိုက်ကြည့်ပြီးနားထောင်ပါ။ လက်ပိုက်ထားတာတို့၊ စားပွဲခုံအောက်မှာ လက်ကိုဝှက်ထားတာမျိုးကိုလည်း တတ်နိုင်သမျှရှောင်ကြဉ်သင့်ပြီး ဖြစ်နိုင်ရင်လက်နှစ်ဖက်ကို စားပွဲခုံပေါ်တင်ထားသင့်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ်နှိမ်ချဆက်ဆံပါ



မယုံမရှိပါနဲ့။ ကိုယ့်ကိုအထင်ကြီးစေချင်လို့ ကိုယ်ဘယ်လောက်တော်ကြောင်း၊ တတ်ကြောင်း၊ ချမ်းသာကြောင်း ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လုပ်တာက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကိုပဲ ရရှိစေပါတယ်။ သူငယ်ချင်းအုပ်စုထဲက တစ်ယောက်ယောက်က အလိုက်တသိနဲ့ ကိုယ့်ဂုဏ်ကိုဖော်ပေးလာရင်တောင် အရမ်းကြီးဂုဏ်ယူဝင့်ကြွားတဲ့ပုံစံ မပြမိပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ်နှိမ်ချဆက်ဆံခြင်းက ခင်ဗျားကို လူကြီးလူကောင်းဆန်စေပြီး မိန်းကလေးတွေက လူကြီးလူကောင်းဆန်တဲ့ကောင်လေးတွေဆိုရင် အထင်ကြီးတတ်ကြပါတယ်။ ဒါ့အပြင် တခြားလူတွေရဲ့ကောင်းကွက်တွေကို ဖော်ထုတ်ပြောပြခြင်းဖြင့် မိမိရဲ့လူကြီးလူကောင်းဆန်မှုကိုသာမက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြောင်းကိုပါဖော်ပြလိုက်ပါ။

၄။ သူမကို စိတ်ဝင်စားနေကြောင်း သိသိသာသာကြီးမဖော်ပြပါနဲ့

စတွေ့တဲ့ရက်မှာပဲ ကိုယ့်ကို အတင်းကြီးလိုက်လုံးတတ်တဲ့ ယောကျ်ားလေးတစ်ယောက်ကို မိန်းကလေးတွေက လွယ်လင့်တကူ အထင်မကြီးတတ်ပါဘူး။ ဒါတင်မကသေးပါဘူး။ ကိုယ့်ကို စိတ်ဝင်စားနေတယ်လို့ သိလိုက်တာနဲ့တပြိုင်နက် မိန်းကလေးတွေရဲ့သဘာဝအခွင့်အရေးတွေဖြစ်တဲ့ ပတ်ပြေးတာတို့၊ မူတာတို့ကို စတင်အသုံးချပါလိမ့်မယ်။ ရန်သူရဲ့လည်ပင်းနားကို ဓားမရောက်မချင်း ကိုယ်ဓားကိုင်ထားမှန်းမသိပါစေနဲ့။ သူတို့ကိုစိတ်ဝင်စားနေကြောင်း မဖော်ပြဘဲ ကိုယ်လူကြီးလူကောင်းဘယ်လောက်ဆန်နိုင်တယ်ဆိုတာကိုပဲ ဖော်ပြပါ။ သူတို့ကိုစိတ်ဝင်စားနေမှန်း မရိပ်မိနိုင်မှသာ ခင်ဗျားနားမှာနေရထိုင်ရတာ ပေါ့ပါးမှာဖြစ်ပြီး ခင်ဗျားကို စိတ်ဝင်စားလာအောင်လုပ်ဖို့ နည်းပရိယာယ်တွေကိုကောင်းကောင်းဆင်နိုင်မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က