အသက်ရှုတာများ ဘာခက်လို့လဲ... မွေးတည်းက ရှုလာတဲ့ဥစ္စာ။ ဒီလိုမျိုး ပြောကြမှာပဲနော်။ ကျန်းမာရေး ကောင်းနေပါလျက်နဲ့ အသက်ရှုမဝသလို ခံစားနေရတာတွေ ၊ အလိုလိုနေရင်း မောနေတာတွေ ဖြစ်နေပြီဆိုရင်တော့ အသက်မရှုတတ်သေးဘူးလို့ ပြောရမှာပဲ။ အသက်ဆိုတာ ရှုပုံရှုနည်း မှန်ကန်နေရင် လူကို လန်းလန်းဆန်းဆန်းဖြစ်စေတယ်။ ဒီလေးချက်နဲ့ညီမှ အသက်ရှုတတ်သူလို့ ပြောရမယ်နော်။
၁။ ရိုးရှင်းတဲ့အသက်ရှုနည်း
ပါးစပ်နဲ့ အသက်ရှုနေတာကို ရှောင်ပါ။ နှာပိတ်လို့ဆိုရင်တော့ ချွင်းချက်ပေါ့။ ပုံမှန်အချိန်မှာဆိုရင်တော့ နှာခေါင်းကနေပဲ အသက်ရှုရမှာဖြစ်ပါတယ်။ ပါးစပ်နဲ့အသက်ရှုရင် မောတယ်။ နှာခေါင်းကနေ အသက်ဝ၀ ရှုသွင်း၊ ရှုထုတ်ပါ။
၂။ ၄-၇-၈ လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းကို ကြားဖူးလား? ခန္ဓာကိုယ်ကို သက်တောင့်သက်သာနဲ့ အနားရစေတဲ့ လေ့ကျင့်ခန်းလေ။ စိတ်တည်ငြိမ်ဖို့ လိုလာပြီဆိုရင် ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်လို့ရတယ်။ အသက်ရှုသွင်းနေတုန်း ၁ ကနေ ၄ အထိ ရေထားရမယ်။ ဖြည်းဖြည်းချင်းရှုသွင်းတာပေါ့။ ပြီးရင် အသက်အောင့်ထားပြီး ဆက်ရေတွက်နေပါ။ ၁ မှ ၇ အထိ ရေတွက်ကာ အသက်အောင့်ထားရပါမယ်။ ၇ ရောက်ပြီဆိုရင် အသက်ကို ဖြည်းဖြည်းချင်း ရှုထုတ်ပါ။ ရှုထုတ်နေရင်း ၁ မှ ၈ ထိရောက်အောင် ရေတွက်ကာ ရှုထုတ်လိုက်ပါ။ ဒီနည်းက မြန်မြန်ဆန်ဆန် အိပ်ပျော်လွယ်စေတယ်။
၃။ ညီမျှတဲ့အသက်ရှုခြင်း
အာရုံစိုက်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့ အသက်ရှုနည်းကိုရော သိပါသလား? စိတ်ဖိစီးမှုတွေ များလာပြီ၊ အာရုံနောက်လာပြီဆိုရင် ဒီနည်းနဲ့ အသက်ရှုရတယ်။ အသက်ရှုသွင်းနေတုန်း ၁ ကနေ ၄ အထိ ရေနေရတယ်။ ပြီးရင် ၄ ကနေ ၈ အထိက ရှုထုတ်ရတယ်။ ရှုသွင်းတဲ့ကြာချိန်နဲ့ ရှုထုတ်တဲ့ကြာချိန် အတူတူဖြစ်နေရမှာပါ။
၄။ ငြိမ်သက်အေးချမ်းတဲ့နည်း
နဖူးကနေ ခြေဖျားအထိ တစ်ကိုယ်လုံး အနားရသွားအောင် အသက်ရှုရတဲ့ နည်းလမ်းကိုလည်း ပြောပြဦးမယ်နော်။ မျက်စိကိုမှိတ်လိုက်ပါ။ ကြွက်သားတွေပေါ်ကို စိတ်ကိုအာရုံထားလိုက်ရမယ်။ ခြေဖျားကနေစပြီး အာရုံစိုက်ထား၊ အသက်ကို ဖြည်းဖြည်းချင်းနဲ့ ဝ၀ ရှုနေရပါမယ်။ ခြေဖျားကနေ ခေါင်းအထိ ကြွက်သားတွေကို ဖြည်းဖြည်းချင်း အာရုံစိုက်ပြီး လျှော့ချလိုက်ပါ။ တစ်ကိုယ်လုံးက အကြောတွေပြေလျော့သွားပြီး စိတ်လည်းပေါ့သွားမယ်။ နေလို့ကောင်းသွားပါလိမ့်မယ်။
Source : Lifehack